- Web Master
- ၀၆ အောက်တိုဘာ ၂၀၂၄
နောင်မင်းသူ၊ နိရဥ္စရာ၊ သြဂုတ် ၁၃/၂၀၂၄
ရခိုင်ပြည်၊ မောင်တောဒေသ၌ စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် (AA)တို့၏ တိုက်ပွဲများကြောင့် မောင်တောတောင်ပိုင်းရှိ
စစ်ဘေးရှောင်များအပါအဝင် မြိုလူမျိုး ၁ ထောင်ကျော် စားနပ်ရိက္ခာပြတ်လပ်နေကြောင်း သိရသည်။
ကိုင်းကြီးမြိုကျေးရွာမှ ဒေသခံများအပါအဝင် ၃
မိုင်သီဟိုလ်အေးကျေးရွာမှ စစ်ဘေးရှောင်များ စုစုပေါင်း မြိုလူမျိုး ၁၃၀၀ ကျော်မှာ
စားနပ်ရိက္ခာပြတ်လပ်နေကြပြီးအကူအညီများလိုအပ်လျက်ရှိနေကြကြောင်း ကိုင်းကြီး(မြို)ရွာမှလူကြီးတစ်ဦးက
ပြောသည်။
"မောင်တောတောင်ပိုင်းက ကိုင်းကြီးကျေးရွာကို ၃ မိုင်
သီဟိုလ်အေးကျေးရွာက စစ်ဘေးရှောင်လာကြတဲ့ လူ ၄၀၀ ကျော်လောက်လာပြီး
ခိုလှုံနေတာရှိတယ်။ ကိုင်းကြီးမှာလည်း ဒေသခံ လူဦးရေ ၉၀၀ လောက်ရှိတယ်။ လူ ၁၃၀၀
ကျော် စားနပ်ရိက္ခာပြတ်ပြီး အခက်တွေ့နေကြတယ်။ အကူအညီတွေလိုအပ်နေကြပါတယ်"ဟု
ပြောသည်။
ပြီးခဲ့သည့်နှစ်ကုန်ပိုင်းမှစတင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့်
ကိုင်းကြီးမြိုကျေးရွာ၌ စိုက်ပျိုးထားကြသည့်စပါးများကို
မရိတ်သိမ်းနိုင်ခဲ့သည့်အတွက် ဒေသခံများတွင် ဝမ်းစာဆန်များမရရှိခဲ့ဟု ရွာသားများက
ပြောသည်။
ယင်းကြောင့် ရွာသို့ခိုလှုံလာသည့်စစ်ဘေးရှောင်များကိုလည်း
မကူညီနိုင်သလို ရွာသားများတွင်လည်း စားနပ်ရိက္ခာရှားပါးနေသည်ဟု သိရသည်။
လက်ရှိတွင် တစ်နေ့တာဝမ်းစာဖူလုံရန် ရွာမှ ၈ မိုင်ခန့်ဝေးကွာသည့်
မေယုတောထဲရှိ ကိုင်းကြီးရွာဟောင်း(မြို)ရွာပျက်သို့ သွားရောက်ကာ ဟင်းသီးဟင်းရွက်၊
သစ်ဥသစ်ဖုများရှာဖွေပြီး အသက်မွေးနေကြရကြောင်း ဒေသခံများက ပြောဆိုသည်။
ထိုသို့ရှာဖွေရရှိလာကြသည့် ဟင်းသီး၊ ဟင်းရွက်၊ သစ်ဥ၊ သစ်ဖုများအား
ရွာမှ ၅ မိုင်ခန့်ဝေးကွာသည့် ရွှေဗဟို၊ သရီကုန်ဘောင်၊ ကိုင်းကြီး(ရခိုင်)၊
မောရဝတီ၊ ဥဒေါင်း စသည့်ကျေးရွာများသို့ သွားရောက်ရောင်းချပြီး
အသက်မွေးနေကြရကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ဘေးရှောင်လာသည့် သီဟိုလ်အေးကျေးရွာမှ ရွာလူကြီးတစ်ဦးက
"ဟင်းသီဟင်းရွက်တွေက နေ့တိုင်းရှာမရနိုင်ကြဘူး။
စားသောက်ရေးအတွက် စစ်ဘေးရှောင်လာသူတွေနဲ့ဒေသခံရွာသားတွေ
အတော်လေးအခက်အခဲတွေ့နေကြရပါတယ်"ဟု ပြောဆိုသည်။
တိုက်ပွဲပြင်းထန်လျက်ရှိသည့် မောင်တောဒေသတွင် မောင်တောမြို့အနီးရှိ စစ်ကောင်စီ၏ နခခ(၅)တပ်ရင်းတစ်ခုတည်းသာ AA က သိမ်းပိုက်ရန် ကျန်တော့သည်။
လက်ရှိတွင် နခခ(၅)တပ်ရင်းတစ်ခုလုံးနီးပါးကို AA က သိမ်းပိုက်ထားနိုင်ပြီဟုလည်း သိရသည်။