စနေ၊ ဇူလိုင်လ ၂၇ရက်၊ ၂၀၂၄

စစ်ကောင်စီအအဖွဲ့ ထပ်မံပြင်ဆင်ဖွဲ့စည်း


  • ရေးသူ: Web Master (NN 24)
  • | ရက်စွဲ: ၂၆ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 770

“အဂတိလိုက်စားမှုနှင့် အရေးယူခံထားရသည့် ဒု-ဗိုလ်ချုပ်ကြီး ၂ ဦး စစ်ကောင်စီအဖွဲ့ဝင်အဖြစ် ထုတ်ပယ်ခံရ”

စစ်ကောင်စီသည် ၎င်းအဖွဲ့ကို ထပ်မံ ပြင်ဆင်ဖွဲ့စည်းလိုက်ပြီး ယခုလက်ရှိကာလအတွင်း အဂတိလိုက်စားမှုနှင့် ဖမ်းဆီးစစ်ဆေးခံနေရသည်ဟု သတင်းများထွက်ပေါ် နေသည့် ဒု-ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နှင့် ဒု-ဗိုလ်ချုပ်ကြီး စိုးထွဋ် တို့ ပါဝင်လာခြင်းမရှိပေ။

၎င်း ဒု-ဗိုလ်ချုပ်ကြီးနှစ်ဦးကို  စက်တင်ဘာလ ၂၅ ရက်နေ့က စစ်ကောင်စီအဖွဲ့ဝင်များ အဖြစ်မှ ထုတ်ပယ်လိုက်ကြောင်း သိရသည်

စစ်ကောင်စီအဖွဲ့ဝင်များ ပြင်ဆင်ဖွဲ့စည်းသည့် အမိန့်ကြေညာချက်ကို စက်တင်ဘာလ ၂၆ ရက် ယနေ့ စစ်ကောင်စီဝါဒဖြန့် မြန်မာ့အလင်းသတင်းစာ၌ ဖော်ပြထားခြင်းဖြစ်သည်။

စစ်ကောင်စီ၏ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီး စိုးထွဋ် ကို စစ်ကောင်စီအဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်လိုက်ပြီး မူလစစ်ဘက်တာဝန်များကို ပြန်လည်ထမ်းဆောင် စေလိုက်ကြောင်း ထုတ်ပြန်ထားသော်လည်း ဒု-ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း အတွက် အမိန့်ထုတ်ပြန်ထားချက်ကို ဖော်ပြထားခြင်းမရှိသေးကြောင်း သိရသည်။



ဒု-ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း သည် စစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ လူယုံတစ် ယောက်ဟု သတင်းများ ထွက်ပေါ်နေပြီး စစ်ကောင်စီအဖွဲ့ဝင်များထဲ၌ နံပါတ် ၇ အဆင့် နေရာရှိသည့်  စစ်ဦးစီးအရာရှိချုပ် (ကြည်း) နေရာတွင် တာဝန်ယူခဲ့ရသူဖြစ်ကြောင်း သိရသည်။

၎င်းသည် နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်း မှု မှန်ကန် မြန်ဆန်စေရေးကော်မတီ များတွင် ဥက္ကဋ္ဌ ရာထူးနေရာယူထားပြီး စီးပွားရေး လုပ်ငန်းရှင်များထံမှ ဒေါ်လာများ လာဘ်စားခဲ့သည့်အတွက် ဖမ်းဆီးစစ်ဆေးခံနေရကြောင်း သတင်းများ ထွက်ပေါ်ခဲ့ သည်။

ယင်းကဲ့သို့ဖြစ်ပြီးနောက် ဒု-ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း တာဝန်ယူထားသည့် ကော်မတီ၊ ကော်မရှင် ဥက္ကဌ ရာထူးတာဝန်များကို ဗိုလ်ချုပ်ကြီး မြထွန်းဦး က အစားထိုးတာဝန်ယူလိုက်ကြောင်းလည်း စက်တင်ဘာ လ ၁၈ ရက်နေ့က စစ်ကောင်စီကထုတ်ပြန်ထားသည်။

လက်ရှိ ၎င်းတို့နှစ်ဦးစလုံး၏နေရာများကို ဒု-ဗိုလ်ချုပ်ကြီး ညိုစော နှင့် ဗိုလ်ချုပ်ကြီး မောင်မောင်အေးတို့ အား အစားထိုးခန့်လိုက်ထားလိုက်ကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လွန်ခဲ့သည့် ၂၀၂၁ ခုနှစ် ဇွန်လက ဒု-ဗိုလ်ချုပ်ကြီး စိုးထွဋ် သည် စစ်ကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီး တာဝန်ယူခဲ့စဉ်က သားဖြစ်သူ စည်သူထွဋ် နှင့် အပေါင်းအပါတို့ နေပြည်တော်ရှိ စားသောက်ဆိုင်တစ် ဆိုင်တွင် ခိုက်ရန်ဖြစ်ပွားခဲ့ရာ အဆိုပါစားသောက်ဆိုင်ပိုင်ရှင်နှင့် ဝန်ထမ်း ၁၅ ဦး တို့ ပုဒ်မ ငါးခုနှင့် တရား စွဲခံခဲ့ရကြောင်း သိရသည်။


Photo- မြဝတီ



ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!