တနင်္ဂနွေ၊ စက်တင်ဘာလ ၈ရက်၊ ၂၀၂၄

ပေါက်တောတွင် စစ်ကောင်စီလေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် လူငယ် ၂ ဦးအပါအဝင် အရပ်သား ၈ ဦးထိခိုက်ဒဏ်ရာရ


  • ရေးသူ: Web Master (NN 23)
  • | ရက်စွဲ: ၁၃ ဖေဖော်ဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 1.5k

ရက္ခိုင့်တပ်တော်က သိမ်းပိုက်ထားသည့် ပေါက်တောမြို့နယ်သို့ စစ်ကောင်စီက ညဉ့်အချိန် လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ သက်ကြီးရွယ်အိုနှင့် ကလေးသူငယ် အပါအဝင် အရပ်သားပြည်သူ ၈ ဦး ခန့်ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။

ဒဏ်ရာရရှိသွားသူများမှာ ပေါက်တောမြို့နယ်၊ ကျောက်ပြင်ကျေးရွာနှင့် တောင်မော်ဦး (ခေါ်) အေးချမ်းသာကျေးရွာတို့မှ ဒေသခံ ၈ ဦးတို့ဖြစ်သည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၁၂ ရက်၊ ညဥ့် ၁၁ နာရီကျော်အချိန်က စစ်ကောင်စီကဂျက်ဖိုက်တာ လေယာဥ်တစ်စီးဖြင့် လာရောက်ဗုံးကြဲခဲ့ရာမှ အိပ်ပျော်နေသည့် ဒေသခံများအပါအဝင် ၈ ဦးတို့ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း ပိန္နဲချောင်းဒေသခံတစ်ဦးကပြောသည်။

" ည ၁၁ နာရီနောက်ပိုင်းမှာ လေယာဥ်နဲ့လာဗုံးကြဲသွားတာပါ။ တိုက်ပွဲဖြစ်တာမျိုးမရှိပါဘူး။ မင်းပြားဘက်ကနေဗီ စစ်တွေဘက်ပြန်ဆင်းလာတဲ့အချိန် မှာဗုံးကြဲသွားတာပါ" ဟု ပြောသည်။

ကျောက်ပြင်ကျေးရွာမှမောင်ကျော်စိုးလင်း(၁၆)နှစ်၊ ဒေါ်အမိချေ(၄၂)နှစ်၊ မောင်ထိဖိုးဝချေ(၁၂)နှစ်၊ ဒေါ်ကြိုင်စိန်မ(၇၁)နှစ်၊ ဦးလှထွန်းဝေ(၄၂)နှစ်နှင့် သူ၏ဇနီး၊ ဒေါ်အေးနု(၄၂)နှစ်နှင့် တောင်မော်ဦး ကျေးရွာမှ ဦးအောင်စိန်(၇၀) ကျော်တို့ဒဏ်ရာရရှိသွားခြင်းဖြစ်ကြောင်း သိရသည်။

ဒဏ်ရာရရှိသူများမှာအသက်အန္တရာယ်မစိုးရိမ်ရတော့ သော်လည်း ဦးလှထွန်းဝေနှင့် ဒေါ်ကြိုင်စိန်မတို့မှာ တခြားသူများထက် ဒဏ်ရာပြင်းထန်ကြောင်း သိရှိရသည်။

ဒဏ်ရာရရှိသူများကို ယမန်နေ့ညပိုင်းက မြင်းဂါဆေးရုံသို့ပို့ဆောင်ခဲ့ရကြောင်း လည်းသူကပြောသည်။

ဖေဖော်ဝါရီ ၁၁ ရက် ည (၁၀) နာရီကျော်အချိန်ခန့်ကလည်း ရက္ခိုင့်တပ်တော် အလုံးစုံ ထိန်းချုပ်ထားပြီဖြစ်သည့် ကျောက်တော်မြို့နှင့် အနီးတစ်ဝိုက်ကျေးရွာများသို့ စစ်ကောင်စီ၏ ထောက်ပို့လေယာဉ်သည် လေကြောင်းမှ ညအချိန်မတော် တစ်ဖက်သတ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ပိုက်သည် ရပ်ကွက်အတွင်းမှ အရပ်သားပြည်သူ (၇) ဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီး (၉) ဦးနီးပါးခန့်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၁ လုံးလည်း လက်နက်ကြီးကျည်ပေါက်ကွဲခဲ့၍ မီးလောင်ခဲ့ရသည်။

စစ်ရှုံးစစ်ကောင်စီသည် ရက္ခိုင်ဒေသရှိ မြို့နယ်များနှင့် တပ်စခန်းများကို စစ်ဆင်ရေး (၂) လတာအတွင်း တစ်ပြိုင်နက် တည်း လက်လွှတ်ဆုံးရှုံးခဲ့ရသည့်အတွက် ရက္ခိုင့်တပ်တော်ထိန်းချုပ်ရာမြို့နယ်များအား လေကြောင်း၊ ရေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုများကို နေ့စဉ်ရက်ဆက်မက ဆက်တိုက် ပြုလုပ် လာလျက်ရှိသည်ဟု ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့၊ ည (၁၂:၀၀) အချိန်တွင် ထုတ်ပြန်သည့် ၁၀၂၇ စစ်ဆင်ရေး (၁၀၉) ရက်မြောက်နေ့တိုက်ပွဲသတင်းများ ထုတ်ပြန်ရာတွင် ဖော်ပြသည်။ (NN-23) (ဓာတ်ပုံ- ပုံဟောင်း)

ဆက်စပ် သတင်းများ