စနေ၊ ဇူလိုင်လ ၂၇ရက်၊ ၂၀၂၄

မြို့နယ် ၃ခုမှ AA ထိန်းချုပ်ထားသည့်နယ်မြေများကို စစ်ကောင်စီတပ်က ညအချိန် ဒရုန်းများဖြင့် ကင်းထောက်မှုများပြုလုပ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 1.6k

ရခိုင်မြို့နယ် ၃ ခုမှ ရက္ခိုင့်တပ်တော်(AA)ထိန်းချုပ်ထားသည့် နယ်မြေများတွင် စစ်ကောင်စီတပ်က ညအချိန် ဒရုန်းများဖြင့် ကင်းထောက်မှုများရှိလာနေသည်ဟု ဒေသခံများက ပြောသည်။

ယင်းသို့ ကင်းထောက်မှုများကို AA ထိန်းချုပ်ရာနယ်မြေများဖြစ်သည့် မြောက်ဦးမြို့နယ်၊ ရသေ့တောင်မြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်အစပ်နေရာများတွင် ဖြစ်ပြီး ယခုအပတ်အတွင်း၌ လုပ်ဆောင်လာခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

မြောက်ဦးမြို့နယ်တွင်ဆိုလျှင် ပြီးခဲ့သည့် ဇူလိုင်လ ၂၅ ရက်၊ ည ၁၁ နာရီဝန်းကျင်က မြို့ပေါ်နှင့် မြို့အနီးရှိ တောင်တန်းများသို့ စစ်ကောင်စီ ဒရုန်းများ ပျံဝဲနေခဲ့သည်ဟု မြောက်ဦးနယ်မှ အမည်မဖော်လိုသူ ULA/AA နီးစပ်သူ တစ်ဦးက ပြောသည်။

“အဲဒီတစ်ရက်တည်း ပျံဝဲခဲ့တာတွေ့ရတယ်။ ဒါက သူတို့(စစ်ကောင်စီ)ဘက်က စည်းမစောင့်တဲ့ပုံစံပေါ့။ နောက်ပြီးတော့ ကိုယ်တို့ မြောက်ဦးဒေသတဝိုက်မှာ ကိုယ်တို့ဘက်က တပ်စခန်းတွေကို စောင့်ကြည့်တဲ့ ပုံစံတွေပါတယ်။ ဓာတ်ပုံတွေရိုက်မယ်။ တခြားတခြား မြောက်ဦးမြို့ပတ်ဝန်းကျင်ကို လှည့်ပြီး ပျံတယ်။ မြောက်ဦးမြို့ပတ်ဝန်းကျင်မှာ ကျနော်တို့တပ်တွေအားလုံး အခိုင်အမာစွဲထားတာလေ။ ဒါကြောင့် ဒါဟာ ရန်စခြင်းတစ်မျိုးပဲ”ဟု ပြောသည်။

စစ်ကောင်စီ၏ ဒရုန်းများပျံသန်းကင်းထောက်ခြင်းများကို AA ဘက်က စောင့်ကြည့်နေပြီး ယခုထက်ပိုလုပ်ဆောင်လာပါက အဆိုပါဒရုန်းများကို ပစ်ချကောင်း ပစ်ချလာနိုင်သည်ဟုလည်း သူက ဆိုသည်။

အလားတူ ရသေ့တောင်မြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်အစပ်ရှိ ကျေးရွာများနှင့် တောင်တန်းများကိုလည်း ဇူလိုင်လ ၂၁ ရက် နှင့် ၂၅ ရက် ညအချိန်တို့တွင် ၂ ညတိုင်တိုင် စစ်ကောင်စီတပ်က ဒရုန်းများဖြင့် ပျံသန်းကင်းထောက်ခြင်းများပြုလုပ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဘူးသီးတောင်ဒေသခံတစ်ဦးက “ညဆိုရင် ၉ နာရီနဲ့ ၁ဝ နာရီအကြားလောက်ကို သူတို့က ဒရုန်းတွေနဲ့ ကင်းထောက်တယ်လို့ ထင်ရပါတယ်။ သူတို့က ရွာအပေါ်ကနေ သွားပါတယ်။ နောက်ပြီးတော့ တောင်နားတွေဘက်ကို ပျံသွားပါတယ်”ဟု ပြောသည်။

ဘူးသီးတောင်မြို့နယ်နှင့် ရသေ့တောင်မြို့နယ် နှစ်ခုနယ်စပ်ဖြစ်သည့် ရသေ့တောင်မြို့နယ်ဘက်မှ ရေကောင်းချောင်း၊ ခရုချောင်းနှင့် ပဲသဒူစကျေးရွာများရှိပြီး ဘူးသီးတောင်မြို့နယ်ဘက်တွင် သိုင်းတပုတ်၊ သပြေဆိပ်၊ စည်တောင်၊ ကံပြင်နှင့် စပါးထားစသည့်ကျေးရွာများရှိသည်ဟု သူက ပြောသည်။

“ဒါဟာ ဒရုန်းနဲ့ကင်းထောက်နေတယ်ဆိုပြီးတော့ ကျနော်တို့တွေ စိုးရိမ်ကြောင့်ကြနေကြပါတယ်။ ဒါဟာ တစ်ခုခုဖြစ်လာမလားဆိုပြီးတော့ စိုးရိမ်နေကြပါတယ်”ဟု ပြောသည်။

စစ်ကောင်စီနှင့် AA တို့သည် ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်ကတည်းက တစ်ဘက်နှင့် တစ်ဘက်နားလည်မှုဖြင့် အပစ်ရပ်စဲထားကြသည်မှာ ယခုအချိန်ထိဖြစ်သည်။

ယင်းသို့ အပစ်ရပ်ထားစဉ်ကာလအတွင်း စစ်ကောင်စီဘက်က AA ထိန်းချုပ်ရာနယ်မြေများတွင် ဒရုန်းများဖြင့် ကင်းထောက်ခြင်း၊ AA ထိန်းချုပ်ရာနယ်မြေများသို့ ဝတ်စုံနှင့် လက်နက်အပြည့်အစုံဖြင့် ဝင်ရောက်ရန်ကြိုးပမ်းခြင်း၊ ကုန်းလမ်းရေလမ်းမှတဆင့် စစ်အင်အား၊ လက်နက်အင်အားနှင့် ရိက္ခာများ ဖြည့်တင်းခြင်း၊ ရခိုင်ရှိ မြို့ပေါ်များတွင် လမ်းသွားလမ်းလာများကို ယခင်ထက် ပိုမိုစစ်ဆေး တင်းကျပ်လာခြင်းနှင့် စစ်တပ်စခန်းများမှ လက်နက်ကြီး၊ လက်နက်ငယ်များ စမ်းသပ် ပစ်ဖောက်ခြင်းများတို့ကို ယခုနောက်ပိုင်း ပြုလုပ်လာသည်ဟု ဒေသခံများက ပြောကြသည်။

ယင်းသို့ ပြုလုပ်လာခြင်းမှာ စစ်ကောင်စီဘက်က ကတိကဝတ်များကိုချိုးဖောက်ခြင်းဖြစ်ပြီး ယခုထက်ပိုမို လုပ်ဆောင်လာပါက တိုက်ပွဲများ အချိန်မရွေးပြန်ဖြစ်လာနိုင်သည်ဟုလည်း ULA/AA ပြောခွင့်ရသူ ဦးခိုင်သုခက မီဒီယာအချို့ကို ယခုအပတ်အတွင်း ပြောဆိုထားသည်။ (NN-16)

ပုံစာ- ၂ဝ၂ဝ ပြည့်နှစ်၊ ဇွန်လ ၂၄ ရက်တွင် စစ်ကောင်စီက သုံးစွဲနေသည့် အစ္စရေးနိုင်ငံလုပ် စစ်မြေပြင်သုံး မောင်းသူမဲ့ လေယာဉ်ငယ်တစ်စင်းအား AA က သိမ်းဆည်းရမိခဲ့စဉ်။

ဆက်စပ် သတင်းများ