စနေ၊ ဇူလိုင်လ ၂၇ရက်၊ ၂၀၂၄

မြဝတီခရိုင်ထွေအုပ်ရုံး ဒရုန်းဖြင့်ဗုံးကြဲခံရ၍ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တပ်ရင်းမှူးတစ်ဦးအပါအဝင် ၅ ဦး သေဆုံး


  • ရေးသူ: Web Master (NN 24)
  • | ရက်စွဲ: ၀၄ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.6k

ကရင်ပြည်နယ်၊ မြဝတီမြို့လယ်ခေါင်ရှိ မြဝတီခရိုင်အုပ်ချုပ်ရေးမှူးရုံးပေါ်သို့ ဒရုန်းဖြင့် ဗုံးများကြဲချခဲ့ရာ မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်၊ ခလရ ၂၇၅ တပ်ရင်းမှူးတို့အပါအဝင် ၅ ဦး သေဆုံးပြီး ၁၃ ဦး ဒဏ် ရာရခဲ့ကြောင်း သိရသည်။

ယမန်နေ့ စက်တင်ဘာလ ၃ ရက်၊ ညနေက ၆၀ မမ ဗုံးသီးအမျိုးအစား ၄ လုံးကို ဒရုန်းများဖြင့် အဆိုပါ ရုံးပေါ်သို့ကြဲချခဲ့ရာ မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်၊ ခရိုင်ထွေ/အုပ် ဦးစီးအရာရှိ ဦးထွန်းထွန်းညိမ်းနှင့် ခရိုင်ထွေ/အုပ်စာရေး ဦးပြည့်ဖြိုးအောင်တို့မှာ နေရာမှာပင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

ခလရ ၂၇၅ ယာယီတပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး အောင်ကျော်မင်းနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲအုပ် နေ လင်းစိုးတို့မှာ ဒဏ်ရာပြင်းထန်ခဲ့သဖြင့် မြဝတီဆေးရုံတွင် ဆေးကုသခံယူနေစဉ် သေဆုံးခဲ့ကြောင်း သိရသည်။



ယမန်နေ့ ညနေ ၇ နာရီခန့်က မြဝတီခရိုင်ထွေအုပ်ရုံးပေါ်သို့ ဒရုန်းဖြင့် ဗုံး ၂ လုံးကြဲချခံခဲ့ရသည့်အတွက် တာဝန်ရှိသူများက လာရောက်စစ်ဆေးမှုပြုလုပ်နေစဉ် ၇ နာရီ၊ မိနစ် ၂၀ ခန့်တွင် နောက်ထပ် ဗုံး ၂ လုံးဖြင့် ထပ်မံကြဲချခဲ့ရာ ယခုကဲ့သို့ ထိခိုက်သေဆုံးခဲ့ကြရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို Federal Wings ဒရုန်းတပ်ဖွဲ့က ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အခင်းဖြစ်ပြီးချိန်မှစပြီး စစ်ကောင်စီတပ်များသည် မြဝတီမြို့ပေါ်၌ လမ်းအလိုက်၊ ရပ်ကွက်အလိုက် လုံခြုံရေး များတင်းကျပ်နေကြောင်းလည်း သိရသည်။

စစ်ကောင်စီတပ်၏ စစ်ရေးအရအရေးပါသည့် လက်ခတ်တောင်တာဝါတိုင်စခန်းကို ပြီးခဲ့သည့် ဇူလိုင်လ ၂၁ ရက်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နှင့် ပူးပေါင်း မဟာမိတ်တပ်များက သိမ်းပိုက်ထားနိုင်ခဲ့သည်မှာ တစ်လခွဲနီးပါးကြာနေပြီဖြစ်သည်။

စစ်ကောင်စီတပ်သည် အဆိုပါစခန်းကုန်းကို ပြန်လည်တိုက်ခိုက်ကာသိမ်းနိုင်ရန် မြေပြင်စစ်သည် အင်အား၊ လက်နက်ကြီးပစ်ကူနှင့် လေကြောင်းတို့မှလည်း ၁၀ ကြိမ်ထက်မနည်း တိုက်ခိုက်ကြိုးပမ်းခဲ့သော်လည်း ပြန်မရနိုင်သေးဘဲရှိနေသည်။ 

ဆက်စပ် သတင်းများ