စနေ၊ ဇူလိုင်လ ၂၇ရက်၊ ၂၀၂၄

AA ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင် ရေးသားထားသည့် "သူပုန်ဖြူ" ကဗျာစာအုပ် ဘာသာစကား ၄ မျိုးဖြင့်ထုတ်ဝေမည်


  • ရေးသူ: Web Master (NN 23)
  • | ရက်စွဲ: ၂၆ သြဂုတ် ၂၀၂၃
  • | ကြည့်ရှုသူ: 1.3k

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA)ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင် ရေးဖွဲ့ထားသည့် "သူပုန်ဖြူ"အမည်ရှိ ကဗျာစာအုပ်ကို ဘာသာစကား ၄ မျိုးဖြင့် ထုတ်ဝေဖြန့်ချိရန် စီစဥ်နေကြောင်း သိရသည်။

ကဗျာပုဒ်ရေ ၃၀ ကျော်ခန့်ပါဝင်မည့် အဆိုပါ"သူပုန်ဖြူ"ကဗျာစာအုပ်ကို ရက္ခိုင်၊ မြန်မာ၊ အင်္ဂလိပ်၊ တရုတ်စသည့် ဘာသာစကား ၄ မျိုးဖြင့် ထုတ်ဝေမည်ဖြစ်ကြောင်း AA ဒုစစ်ဦးချုပ် ဒေါက်တာညိုထွန်းအောင်၏ သူပုန်ဖြူကလောင်အမည် လူမှုကွန်ရက်စာမျက်နှာတွင် ဩဂုတ်လ ၂၅ ရက်က ရေးသားထားသည်။

ကဗျာအများစုကို ဗမာနှင့် ရက္ခိုင်ဘာသာ စကားနှစ်မျိုးဖြင့် ရေးဖွဲ့ထားပြီး ၎င်းကဗျာအပုဒ်တိုင်းကို အင်္ဂလိပ်ဘာသာသို့ပြန်ဆိုထားကာ ကဗျာတချို့ကိုလည်း တရုတ်ဘာသာသို့ ပြန်ဆိုထားကြောင်း သိရသည်။

ကဗျာအပုဒ်တိုင်းကို တရုတ်ဘာသာသို့ပြန်ဆိုထားသော်လည်း တရုတ်မိတ်ဆွေ တချို့က တရုတ်ကဗျာနံ့မွှေးသော ကဗျာအချို့ကိုသာ ဤကဗျာ စာအုပ်တွင် ထည့်သွင်းရန် ရွေးချယ်ပေးသောကြောင့် ပထမအကြိမ်တွင် ကဗျာအားလုံးကို တရုတ်ဘာသာဖြင့် ဖတ်ရှုခွင့်ရမည်မဟုတ်ဟု ဒေါက်တာညိုထွန်းအောင်က ရေးသားထားသည်။

ကဗျာစာအုပ်တွင် ဗမာကဗျာ သုံးပုံနှစ်ပုံနှင့် ရက္ခိုင်ကဗျာ သုံးပုံတစ်ပုံပါဝင်ပြီး ဗမာ၊ ရက္ခိုင် ကဗျာအပုဒ်တိုင်းကို အင်္ဂလိပ်ဘာသာဖြင့် ဖတ်ရှုခွင့်ရမည်ဖြစ်သည်ဟု ရေးသားထားသည်။

အဆိုပါစာအုပ်ကို အုပ်ရေ ၃၀၀၀ သို့မဟုတ် ၄၀၀၀ ခန့်ထုတ်ဝေပြီး လာမည့် အောက်တိုဘာလဆန်းတွင် ဖြန့်ချိရန်(တနည်း)လေလံတင်ရန် စဥ်းစားထားသည်ဟု ဆိုသည်။

အဆိုပါကဗျာစာအုပ်ကို ဖြန့်ချိ(သို့မဟုတ်) လေလံတင်ရာတွင်လည်း စာအုပ်စျေးနှုန်းသတ်မှတ်မထားဘဲ ကဗျာအပေါ်ချစ်မြတ်နိုးမှု၊ ကဗျာတပ်မက်မှု၊ တော်လှန်ရေးကိုချစ်ခင်မြတ်နိုး တန်ဖိုးထားမှုအပေါ်မူတည်၍ မည်သည့်စျေးနှင့် မဆို လေလံပစ်ရယူနိုင်သည်ဟု ဆိုထားသည်။

ဒေါက်တာညိုထွန်းအောင်(ခ) သူပုန်ဖြူက "ကဗျာစာအုပ်ကို စျေးနှုန်း မသတ်မှတ်ထားပါ။ မိတ်ဆွေတို့၏ ကဗျာအပေါ် ချစ်မြတ်နိုးမှု၊ ကဗျာ့တပ်မက်မှု၊ သူပုန်ဖြူ၏ ကဗျာများကို ကြိုက်နှစ်သက်မှု၊ တော်လှန်ရေးကို ချစ်ခင်မြတ်နိုးတန်ဖိုးထားမှု အပေါ်မူတည်၍ မည်သည့်စျေးဖြင့်မဆို လေလံပစ်၍ ရယူနိုင်ပါသည်" ဟု ရေးသားပြောဆိုထားသည်။

"သူပုန်ဖြူ"ကဗျာစာအုပ်အား မည်ကဲ့သို့လေလံပစ်ရမည်နှင့် လေလံအောင်သော သူများလက်ထဲသို့ ကဗျာ စာအုပ်ကို မည်ကဲ့သို့ ပေးပို့ပေးသွားမည် ဆိုသည်ကိုလည်း အသေးစိပ်ရှင်းလင်းဖော်ပြပေးသွားမည်ဟုဆိုသည်။ 

အဆိုပါကဗျာစာအုပ်ပါ ကဗျာအများစုမှာ နွေဦးတော်လှန်ရေးကာလအတွင်း ရေးဖွဲ့ထားသောကဗျာများဖြစ်ကြသော်လည်း ရခိုင်လူမျိုး Dr.ညိုထွန်းအောင် နာမည်ဖြင့် ရေးသားခဲ့သော ကဗျာအနည်းငယ်ပါဝင်သည်ဟု ဆိုသည်။

အဆိုပါစာအုပ်တွင်ပါဝင်မည့်ကဗျာခေါင်းစဥ်တချို့ကိုလည်း ဖော်ပြထားပြီး ၄င်းတို့မှာ ခေတ်သစ်မျောက်၊ “X” man ၊ သူပုန်ဖြူ၊  “-----------”၊ မင်း နောက်မကျသေး သူငယ်ချင်း၊ တစ်နှစ်လောက်ထပ်စောင့်ပေးပါ ချစ်သူ၊ အချစ်နှင့် တော်လှန်ရေး၊   အမုန်း နှင့် ဗုံး၊ သက်ရှိသက်မဲ့၊ သူပုန်အမေ၊ မုသားဖြူ၊ လက်နက်ကိုင်၊ ???????၊ UNITY၊ နွေဦး CHE၊ တောင့်ထား၊  @ သံလွင်၊ နိုင်ငံတော် သမ္မတလုပွဲ၊ သူပုန်မယား၊ လာမယ့်နွေဦးဟာ ငါတို့အောင်ပွဲ၊ လွတ်ငြိမ်း၊ မုန်တိုင်းအလွန်က @@@&&$$၊ လူညံ့ @@@@@၊ နွီဦးအတွက် စကားဆောင်းပါး၊ သူပုန်လမ်း @@@@@@၊ တော်လှန်ရေးကတိ၊ တော်လှန်ရေး @&$@&$ညှိုခြင်း၊ သိချင် @@@၊ အောင်ပွဲ ၊  နာမည် @@လူ @@သူပုန်ဖြူ၊ အချစ်နှင့် တော်လှန်ရီး (၁၁)၊ သူပုန်ဖြူအကြောင်းတို့ဖြစ်သည်။

ကဗျာပုဒ်ရေ၊ ကဗျာအရေအတွက်၊ ကဗျာခေါင်းစဉ်တချို့မှာ ပုံနှိပ်စက်သို့မရောက်မီ စပ်ကြား အပြောင်းအလဲ အနည်းငယ်ခန့်ရှိနိုင်သည်ဟုလည်း ဆိုထားသည်။

 

ဆက်စပ် သတင်းများ