ရခိုင်မှ အကြီးဆုံးရေတပ်စခန်းဖြစ်သည့် ကျောက်ဖြူ သစ်ပုတ်တောင် ဓညဝတီရေတပ် စခန်းဌာနချုပ်မှ တပ်ကြပ်အဆင့်ရှိသူ တစ်ဦးမှာ ကိုယ်ထောင်မိုင်း ကိုယ်နင်းမိ၍ ခြေထောက်တစ်ဘက် ဖြတ်တောက်လိုက်ရကြောင်း နိရဥ္စရာ သတင်းဌာနက စုံစမ်းသိရှိရသည်။
မိုင်းထိထားသည့်တပ်ကြပ်အား ဒဏ်ရာဖြင့် ယမန်နေ့ဇန်နဝါရီလ ၃၁ ရက်၊ ညပိုင်းတွင် ကျောက်ဖြူ ပြည်သူ့ ဆေးရုံသို့ အရေးပေါ် ယူဆောင် လာပြီး ခြေတစ်ဘက်ဖြတ်တောက်လိုက်ရခြင်းဖြစ်ကြောင်း ဆေးရုံနှင့်နီးစပ်သည့် အသိုင်းအဝိုင်းမှ မြို့ခံများကပြောသည်။
" မနေ့က ညနေ ၆ နာရီလောက်မှာ သစ်ပုတ်တောင်ရေတပ်စခန်းက တပ်ကြပ်အဆင့်ရှိတဲ့ စစ်သားတယောက်ဟာ မိုင်းနင်းမိတယ်။ သူတို့ရေတပ်ဌာနချုပ်နားမှာ သူတို့ကိုယ်တိုင်ထောင်ထားတဲ့ မိုင်းနင်းမိတာလို့ကြားတယ်။ မိုင်းနင်းမိပြီးဒဏ်ရာနဲ့ကျောက်ဖြူဆေးရုံကို ရောက်လာတယ်။ ခြေထောက် တစ်ဘက်ဖြတ်လိုက်ရတယ်" ဟု ကျောက်ဖြူမြို့ခံလူငယ်တစ်ဦးကပြောသည်။
မိုင်းနင်းမိ၍ ခြေထောက်ဖြတ်တောက်လိုက်ရသည့် တပ်ကြပ်၏အမည်နှင့် တပ်ရင်းကိုတော့ နိရဥ္စရာအနေဖြင့် မသိရှိနိုင်သေးပေ။
အဆိုပါစစ်သားမှာ မိုင်းဒဏ်ရာဖြင့်ခြေထောက်ဖြတ်တောက်လိုက်ရသည့်အပြင်
မျက်နှာ တစ်ခုလုံးလည်း ဒဏ်ရာများဖြင့်
စုတ်ပြတ်သတ်နေကြောင်းလည်း သိရှိရသည်။
အဆိုပါမိုင်းနင်းမိသည့် စစ်သားကို သစ်ပုတ်တောင်မှ Speed ဘုတ်ဖြင့်သယ်ဆောင်လာခြင်းဖြစ်ပြီး ကျောက်ဖြူမြို့၊အမှတ်(၃)ဆိပ်ခံတံတားမှ ကမ်းကပ်ကာ ကျောက်ဖြူဆေးရုံသို့ပို့ဆောင်လာခြင်း ဖြစ်ကြောင်း မြို့ခံများကပြောသည်။
လက်ရှိ ဆေးရုံတွင် စစ်ကောင်စီတပ်သားများက လုံခြုံရေး အပြည့်ယူထားကြောင်း သိရသည်။ (NN-23)