တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ရေကြောင်းလုံခြုံရေးအပါအဝင် အချက် (၆)ချက်ကို ဘင်္ဂလား-မြန်မာစစ်ကောင်စီရေတပ် သဘောတူ လက်မှတ်ထိုး


  • ရေးသူ: Web Master (NN 14)
  • | ရက်စွဲ: ၀၄ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.6k

နှစ်နိုင်ငံရေကြောင်းလုံခြုံရေးနှင့် ရေကြောင်း ပူးပေါင်းကင်းလှည့်ရန်အပါအဝင် အချက် (၆) ချက်ကို ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာစစ်ကောင်စီ နှစ်နိုင်ငံရေတပ်အရာရှိများ သဘောတူလက်မှတ် ရေးထိုးခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ နှစ်နိုင်ငံ ရေတပ်အရာရှိကြီးများတွေ့ဆုံပွဲကို ရန်ကုန်ရှိ ဧရာဝတီရေတပ်စခန်းဌာနချုပ် အရာရှိရိပ်သာတွင် စက်တင်ဘာလ (၁) ရက်နေ့က ကျင်းပခဲ့ခြင်းဖြစ်ပြီး နှစ်နိုင်ငံ သဘောတူလက်မှတ်ရေးထိုးခြင်းကို စက်တင်ဘာလ ၂ ရက်တွင်ပြုလုပ်ခဲ့ခြင်းဖြစ်ဟု  စစ်ကောင်စီက သတင်းထုတ်ပြန် ထားသည်။

“ဆွေးနွေးပွဲတွင် ရေကြောင်းလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံ ပူးပေါင်းကင်းလှည့်ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံ ရေတပ်စစ်ရေယာဉ်များနှင့် အရာရှိစစ်သည်များ အပြန်အလှန် အလည်အပတ်ခရီးစဉ်ဆိုင်ရာ ကိစ္စရပ်များ၊ သတင်းအချက်အလက် ဖလှယ်ခြင်းဆိုင်ရာ ကိစ္စများနှင့် ပင်လယ်ပြင် ညစ်ညမ်းမှု ကာကွယ်ရေးဆိုင်ရာ ကိစ္စများကို ဆွေးနွေး သဘောတူခဲ့ကြသည်” ဟု မြန်မာစစ်ကောင်စီက ယနေ့ စက်တင်ဘာလ ၄ ရက်တွင် ထုတ်ပြန်ထားသည်။

နှစ်နိုင်ငံ ရေတပ်စစ်ဦးစီးအရာရှိများ တွေ့ဆုံပွဲ (6th Myanmar-Bangladesh Navy to Navy Staff Talks)ကို တက်ရောက်ရန် ဘင်္ဂလားဒေ့ရှ်ရေတပ်မှ Commodore Mustaque Ahmed, (G), NPP, Pcs, BN ဦးဆောင် သည့်အဖွဲ့သည် သြဂုတ်လ ၃၀ ရက်နေ့က လေကြောင်းခရီးဖြင့် မြန်မာနိုင်ငံကို ရောက်ရှိလာခြင်းဖြစ်သည်။


မြန်မာ-ဘင်္ဂလားနယ်စပ် နတ်မြစ်တလျှောက်တွင် လွန်ခဲ့သည့် ဇူလိုင်လ (၁၈) ရက်၊ (၂၀) ရက်နှင့် (၂၂) ရက် တို့တွင် နှစ်နိုင်ငံနယ်ခြားစောင့်တပ်မှ ၃ ရက်ကြာ ပူးပေါင်းကင်းလှည့်ခဲ့ပြီး သြဂုတ်လ (၁၉) ရက်နှင့် (၂၂) ရက်တို့တွင်လည်း (၂) ရက်ကြာ ပူးတွဲ ကင်းလှည့်ခဲ့ကြသည်။

ယင်းသို့ နှစ်နိုင်ငံရေကြောင်းကင်းလှည့်မှုများပြုလုပ်နေသော်လည်း မောင်တောနယ်စပ်တွင် တရားမဝင် ဝင်ထွက်သွားလာမှုများနှင့် မူးယစ်ဆေးဝါးရောင်းဝယ်ခြင်းများ၊ ကျွဲ၊ နွား၊ သစ်စသည့် မှောင်ခိုလုပ်ငန်းများကို တွင်တွင်ကျယ်ကျယ်လုပ်ကိုင်နေကြဆဲဖြစ်သည်ဟု ဒေသခံများနှင့် လွှတ်တော်ကိုယ်စားလှယ်ဟောင်းများက ပြောသည်။

၂၀၂၂-ခုနှစ် ဘင်္ဂလာဒေ့ချ်နိုင်ငံ ဖလောင်းချိတ်မြို့တွင် ဒီဇင်ဘာလ ၆ ရက်မှ ၉ ရက်နေ့အထိ ကျင်းပခဲ့သည့် နိုင်ငံတကာ စစ်ရေယာဉ်များတွေ့ဆုံပွဲ (International Fleet Review- IFR) ကို မြန်မာရေတပ်မှ ဗိုလ်မှူးကြီး သိန်းစိုး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့မှ စစ်ရေယာဉ် “ ကျန်စစ်သား” နှင့်အတူ တက်ရောက်ခဲ့သည်။

ဓာတ်ပုံ (၁) - နှစ်နိုင်ငံရေတပ်အရာရှိများ သဘောတူလက်မှတ်ရေးထိုးခဲ့စဉ် (Photo – MOI)
ဓာတ်ပုံ (၂) - မြန်မာ-ဘင်္ဂလားနယ်စပ် နတ်မြစ်တလျှောက်တွင် နှစ်နိုင်ငံရေကြောင်း ကင်းလှည့်ခဲ့စဉ် (ပုံဟောင်း)

ဆက်စပ် သတင်းများ