တနင်္ဂနွေ၊ စက်တင်ဘာလ ၈ရက်၊ ၂၀၂၄

ပုဏ္ဏားကျွန်းမြို့ကို စစ်တွေရှိ စစ်ကောင်စီတပ်က အတွဲလိုက်ဒုံးဖြင့် နှစ်ကြိမ်တိုင် ပစ်ခတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 1.3k

မောင်စာဂ
နိရဥ္စရာ၊ မေ ၂၉/၂၀၂၄

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ကို စစ်တွေရှိ စစ်ကောင်စီတပ်က အတွဲလိုက်ဒုံးဖြင့် နှစ်ကြိမ်တိုင် ပစ်ခတ်ခဲ့သည်ဟု သိရသည်။

ယမန်နေ့ မေလ ၂၈ ရက်၊ ည ၈ နာရီခွဲခန့်တွင် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု မြို့ခံတစ်ဦးက နိရဥ္စရာကို ပြောသည်။

"လေးလုံးတစ်တွဲ၊ လေးလုံးတစ်တွဲနဲ့ နှစ်ကြိမ်တိုင်ပစ်တာပါ။ မြို့ထဲမှာတော့ မကျခဲ့ဘူး"ဟု ပြောသည်။

မြို့ပြင်ရပ်ကွက်ဖြစ်သည့် ရွာဟောင်းပိုင်းရပ်ကွက်ရှိ ဂူဝဘုရားအနီး၊ ပုဏ္ဏားကျွန်းချောင်းဝနှင့်
နတ်ဆိတ်ကျေးရွာကြားနှင့် ကျွဲထိုးရွာအနီးတို့တွင် ကျရောက်ပေါက်ကွဲခဲ့၍ ထိခိုက်မှုတစ်စုံတစ်ရာမရှိခဲ့ဟု ဒေသခံများက ပြောသည်။

နောက်ထပ်ဒေသခံတစ်ဦးကလည်း "ဂျက်က လာပစ်တာမဟုတ်ဘူး။ လက်နက်ကြီးနဲ့ စစ်တွေကနေ လှမ်းပစ်တာပါ။ အတွဲလိုက်ပစ်တာပါ"ဟု ပြောသည်။

အာရက္ခတပ်တော်(AA)က ပုဏ္ဏားကျွန်းမြို့ကိုသိမ်းပိုက်ရရှိနိုင်ရေး မြို့တွင်းရှိ ခမရ ၅၅၀ တပ်ရင်းကို ဖေဖော်ဝါရီ ၂၃ ရက်တွင် စတင်တိုက်ခိုက်ခဲ့ရာ မတ်လ ၄ ရက်၌ မြို့တစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့သည်။

ယင်းသို့သိမ်းပိုက်ရရှိပြီးနောက် စစ်ကောင်စီတပ်က မကြာခဏဆိုသလို ဂျက်တိုက်လေယာဥ်များနှင့် စစ်တွေမှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ မကြာခဏရှိနေ၍ မြို့နေလူထုမှာ ဘေးလွတ်ရာတွင် တိမ်းရှောင်နေနေကြရဆဲဟုလည်း သိရသည်။

 

ဓာတ်ပုံ - စစ်ကောင်စီ၏ အတွဲလိုက်ဒုံးဖြင့် လေ့ကျင့်ပစ်ခတ်နေမှုမြင်ကွင်းတစ်ခု။/ Photo - စစ်ကောင်စီ

ဆက်စပ် သတင်းများ