တနင်္ဂနွေ၊ စက်တင်ဘာလ ၈ရက်၊ ၂၀၂၄

ပုဏ္ဏားကျွန်း ယိုးတရုပ်ရွာဗုံးကြဲခံရမှု ဒဏ်ရာပြင်းသူများအနက် နောက်ထပ်တစ်ဦးထပ် အမျိုးသမီးတစ်ဦးသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 1.1k

(၁၀ နှစ်အရွယ်ကလေး တစ်ဦးနှင့် အမျိုးသမီး ၂ ဦးသေဆုံးခဲ့ရ)

မောင်စာဂ/ နိရဥ္စရာ၊ ဇွန် ၂ /၂၀၂၄

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ ယိုးတရုပ် ကျေးရွာကို အကြမ်းဖက် စစ်ကောင်စီတပ်က ဗုံးကြဲခဲ့သည့်အတွက် ဒဏ်ရာရသူများအနက် နောက်ထပ်တစ်ဦး ထပ်သေဆုံးသွားကြောင်း သိရသည်။ 

သေဆုံးသွားသူမှာ ဒေါ်မဲမ(ခေါ် ) ဒေါ်အေးနု(၄၃)နှစ်ဖြစ်ပြီး ယမန်နေ့ ဇွန်လ ၁ ရက်၊ ညဥ့်အချိန်တွင် ဆေးကုသမှုခံယူနေစဥ် သေဆုံးသွားခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

"သူက ဆေးကုသပေမယ့် ဒဏ်ရာပြင်းတော့ သေဆုံးသွားပါမယ်။  ညတုန်းက ယိုးတရုပ် ကို အလောင်း ပြန်ရောက်နေပါပြီ"ဟု ပြောသည်။

ယခုသေဆုံးသွားသူနှင့်အတူ ယိုးတရုပ် ရွာမှနောက်ထပ် ၁၀ ဦးသည် ယမန်နေ့ ဇွန်လ ၁ ရက်၊ နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် စစ်ကောင်စီ၏ထောက်/ပို့ယာဥ်ဖြစ်သည့် Y12 လေယာဥ်က ရွာအပေါ်မှဝဲပျံကာ ဗုံးကြဲချခဲ့သည့်အတွက် ထိခိုက်ဒဏ်ရာများရရှိသွားခြင်းဖြစ်သည်။

ယင်းဖြစ်စဥ်ကြောင့် ယိုးတရုပ်ရွာ၊ ချောင်းဝရပ်ကွက်မှ မောင်ကျော်လွင်(ခ)ဒေါင်းဒေါင်း(၁၀) နှစ်နှင့် စစ်တွေမြို့နယ်၊ ပျားလည်ချောင်းရွာမှ စစ်ရှောင်နေသူ မခိုင်မိုးအေး (၂၆)နှစ်တို့သည် အခင်းဖြစ်ပွားချိန် ပွဲချင်းပြီးသေဆုံးခဲ့သည်။

လက်ရှိတွင် ယိုးတရုပ်ရွာဗုံးကြဲခံရမှုကြောင့် သေဆုံးသူမှာ ၃ ဦးရှိသွားပြီဖြစ်သည်။

ယိုးတရုတ်ရွာဖြစ်စဥ်ကြောင့် ချောင်းဝရပ်ကွက်မှ နေအိမ်နှစ်လုံးလည်း ထိခိုက်ပျက်စီးသွားသည်ဟု သိရသည်။

ယမန်နေ့နံနက် ၁၀ နာရီကျော်က ပေါက်တောမြို့နယ်၊ သဲခုံရွာ၊ ကြိမ်ခွေမော်ရွာ၊ တောင်ဦးမော်နှင့်ဆင်တက်မော်စသည့်ကျေးရွာများကိုလည်း စစ်ကောင်စီက Y12 ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ဒေသခံ ၆ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သေးသည်။ 

ဆက်စပ် သတင်းများ