တနင်္ဂနွေ၊ စက်တင်ဘာလ ၈ရက်၊ ၂၀၂၄

ပုဏ္ဏားကျွန်းတွင် ဟွန်ဒါစက်လှေနှစ်စီးတိုက်မိ၍ စစ်ရှောင်သွားသည့် အသက် ၁၂ နှစ်အရွယ် မိန်းခလေးတစ်ဦးအပါအဝင် အမျိုးသမီး ၂ ဦး ရေနစ်သေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 2.5k

နှင်းနွယ်နီ၊နိရဥ္စရာ၊ ဇွန် ၅/၂၀၂၄

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးချောင်းမြစ်တွင် ဇွန်လ ၄ ရက်နေ့ ညနေက ဟွန်ဒါ စက်လှေနှစ်စီး တိုက်မိ၍ စစ်ဘေးရှောင်ရန် သွားကြသည့် အသက် ၁၂ နှစ်အရွယ် မိန်းခလေး တစ်ဦးအပါအဝင် အမျိုးသမီး ၂ ဦး ရေနစ်မြုပ် သေဆုံးသွားကြောင်း သိရသည်။

သေဆုံးသွားသူ နှစ်ဦးမှာ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုပ်ကျေးရွာ၊ ချောင်းဖျားစုရပ်ကွက်မှ ဒေါ်သိန်းနုအေး (၃၂) နှစ်နှင့် သူမ၏ အစ်မဖြစ်သူ၏ သမီး  မအေးငြိမ်းစံ (၁၂) နှစ်တို့ဖြစ်ကြကြောင်း သိရသည်။

ယမန်နေ့ ဇွန်လ ၄ ရက် ညနေ ၃ နာရီခွဲ အချိန်ခန့်က ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုပ်ကျေးရွာမှ ကလေးငယ်များအပါအဝင် လူ ၇ ဦးပါသော ဟွန်ဒါစက်လှေတစ်စီးသည် ယိုးချောင်းမြစ်ကြောင်း အတိုင်း ဘဲခိုးကျေးရွာသို့ စစ်ဘေးရှောင်ရန် အသွားတွင် သားပုံကျေးရွာအလွန်၌ ဝက်ဖြူပြင် ချောင်းကြောင်းမှ ထွက်ခွာသော ဟွန်ဒါစက်လှေနှင့် တိုက်မိ၍ နစ်မြုပ်ခဲ့ရာမှ အမျိုးသမီး နှစ်ဦး သေဆုံးသွားခြင်း ဖြစ်ကြောင်း ယိုးတရုပ်ကျေးရွာသား တစ်ဦးက ပြောသည်။

“သူတို့က မနေ့က နေ့လယ်တုန်းက ယိုးတရုပ်မှာ ဂျက်လေယာဉ် ဝဲခဲ့လို့ အရင်နေ့တွေတုန်းကလို လေယာဥ်နဲ့ လာပစ်မှာစိုးလို့ ဘဲခိုးရွာကို စစ်ဘေးရှောင်ဖို့ သွားကြတာ။ သားပုံရွာအလွန်မှာ ချောင်းကြောင်းက ထွက်လာတဲ့ ဟွန်ဒါက အရှိန်နဲ့ကွေ့လိုက်တော့ ဘေးချင်းကပ် တိုက်မိသွားတာ။ အဲဒီမှာ ရေဝင်ပြီး မြုပ်သွားတာ” ဟုပြောသည်။

ရေဝင်၍ ဟွန်ဒါနစ်မြုပ်ချိန်တွင် ဒေါ်သိန်းနုအေးသည် သူမ၏ သမီးနှစ်ဦးကို ကယ်တင်နိုင်ခဲ့သော်လည်း သူမအစ်မ၏ သမီးကို ကယ်ဆယ်ရာတွင် မကယ်နိုင်လိုက်ဘဲ နှစ်ဦးလုံးသေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ကျေးရွာသားနောက်တစ်ဦးကထပ်မံ ပြောကြားသည်။

“သေသွားတဲ့ ဒေါ်သိန်းနုအေးမှာ ကလေးနှစ်ယောက်ကျန်ခဲ့တယ်။ တူတူသေသွားတဲ့ကလေးမက သူ့အမရဲ့ သမီး။ လိုက်ဆယ်ရင်း သူ့အမ သမီးက လိုက်ဖက်လိုက်လို့ သေသွားပုံရတယ်။ အလောင်းက ရေဆွဲအားနဲ့ဆိုတော့ အာထောက်ပိုက်မှာ ကျနေတယ်။ ချက်ချင်းရှာတော့ နှစ်ယောက်သား ဖက်ပြီးတော့တွေ့တာ” ဟုပြောသည်။

အဆိုပါသေဆုံးသူ နှစ်ဦးကို ယမန်နေ့ ညနေ ၆ နာရီခန့်တွင် ယိုးတရုပ် သင်္ချိုင်းတွင် မြေမြုပ် သင်္ဂြိုဟ်လိုက်ကြောင်း သိရသည်။

ဆက်စပ် သတင်းများ