တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

သံတွဲမြို့ခံ ၆ ဦးကို စစ်ကောင်စီဖမ်းဆီး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.7k

(AA ကိုကျ မတိုက်ရဲဘဲ ရခိုင်အရပ်သားများကိုသာစစ်ကောင်စီအနိုင်ကျင့်ဖမ်းဆီးနေဟုဆို )

ရခိုင်ပြည်နယ်၊ သံတွဲမြို့ခံ ၆ ဦးကို စစ်ကောင်စီတပ်ကဖမ်းဆီးသွားကြောင်း သံတွဲမြို့ခံများက နိရဥ္စရာသတင်းဌာနသို့ပြောသည်။

ဖမ်းဆီးခံရသူများမှာ ထူးကဲလက်ဘက်ရည်ဆိုင်ပိုင်ရှင်နှင့် အဖျော်ဆရာဝန်ထမ်းတစ်ဦး၊ မြို့မအလယ်တန်းကျောင်းမှ ကျောင်းစောင့်တစ်ဦး၊ GTI ကျောင်းဆရာတစ်ဦးနှင့် နောက်ထပ် အမျိုးသားနှစ်ဦးတို့ ဖြစ်ကြောင်း သိရသည်။


ယနေ့နိုဝင်ဘာလ ၁၄ ရက်ညပိုင်းလျှပ်စစ်မီးပြတ်တောက်နေစဥ် ထူးကဲလက်ဘက်ရည်ဆိုင်ပိုင်ရှင် နှင့် နောက်ထပ်အမျိုးသားနှစ်ဦးတို့ကို စစ်ကောင်စီက ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သံတွဲမြို့ခံတစ်ဦးကပြောသည်။

 

" အခုညမီးပြတ်ချိန်မှာ ထူးကဲလက်ဘက်ရည်ဆိုင်ပိုင်ရှင်နဲ့ နောက်ထပ်အမည်မသိရသေးတဲ့ နှစ်ယောက်ကို ဖမ်းသွားပါတယ်။ စစ်တပ်က ကားနဲ့လာပြီးဖမ်းသွားတာပါ။ ညမှောင်နေတော့ ဘယ်တပ်က လာဖမ်းတယ်ဆိုတာကိုမသိရပါဘူး" ဟုသူကပြောသည်။

 

၎င်း ဖမ်းဆီးမှုသည် နိုဝင်ဘာလ ၁၃ ရက်နေ့က  ထူးကဲလက်ဖက်ရည်ဆိုင် ဝန်ထမ်း အဖျော်ဆရာ၊ GTI မှကျောင်းဆရာ ကိုထွန်းထွန်းနိုင်နှင့် မြို့မအလယ်တန်းကျောင်းစောင့် ၃ ဦးတို့ကို
ဖမ်းဆီးပြီး နောက်ထပ် ထူးကဲလက်ဘက်ရည်ဆိုင်ပိုင်ရှင် အပါအဝင် ၃ ဦးကို ဖမ်းဆီးမှုဖြစ်ကြောင်း သိရသည်။

 

အဆိုပါမြို့ခံများကို စစ်ကောင်စီက ဖမ်းဆီးသည်ကို မသိရသေးသော်လည်း AA ဆက်စပ် သံသယဖြင့်ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်နိုင်ကြောင်း လက်ရှိ သံတွဲ တပ်ရင်း (၅၅) တွင် ထိန်းသိမ်းထားသည်ဟု သိရကြောင်း ဒေသအတွင်းက လူမှုရေး လှုပ်ရှားဆောင်ရွက်သူ တစ်ဦးက ပြောသည်။

 

 သူတို့က ဘယ်လိုပြောရမလဲဗျာ။ အေအေကျတော့ သွားမတိုက်ရဲဘူး။ အေအေ ဘယ်မှာရှိလည်းဆိုတာသူတို့ သိတယ်။ လက်နက်မရှိတဲ့ သာမာန်ပြည်သူတွေကိုဘဲ အလိုလို ဒုက္ခပေးပြီး ဖမ်းဆီးနေတာ။ သွားပြီး တိုက်ကြပါလားအေအေကို။ သူတို့ကျ စခန်းထဲကတောင်မထွက်ရဲဘဲ အရပ်သားတွေကို အနိုင်ကျင့်နေကြတာ။ ရွံ့စရာကောင်းတယ်ဟု ၎င်းပြောသည်။
 
လတ်တလောတွင် ဖမ်းဆီးခံရသည့်မြို့ခံများ မိသားစုဝင်များနှင့် အဆက်သွယ်ရရှိနိုင်ရန် နိရဥ္စရာကကြိုးစားနေသည်။

 

ယမန်နေ့ နိုဝင်ဘာလ ၁၃ ရက်ကလည်း တောင်ကုတ်မြို့မှ စီးပွားရေးလုပ်ငန်းရှင် ၁၁ ဦးထိ စစ်ကောင်စီကဖမ်းဆီးခေါ်ဆောင်သွားကြောင်း မြို့ခံများကပြောသည်။

 

နိုဝင်ဘာလ ၁၃ ရက်ကလည်းကျောက်ဖြူမြို့မှ စေတီတောင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းလှိုင်အပါအဝင် မြို့ခံ ၄ ဦးကိုလည်း  စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း သိရှိရသည်။ ၎င်းပြင် စစ်တွေမြို့တွင်လည်း ဖမ်းဆီးမှုများနေပြီး အနည်းဆုံး လူပေါင်း ၂၀ ကျော်ခန့် ဖမ်းဆီးခံထားရကြောင်း သိရသည်။

 

ရခိုင်မြောက်ပိုင်းတိုက်ပွဲများတွင် အထိနာပြီး စခန်းများကိုလက်လွှတ်လာနေရသည့်စစ်ကောင်စီသည် ရခိုင်တောင်ပိုင်း မြို့နယ်များတွင် အပြစ်မဲ့သည့်ပြည်သူလူထုအပေါ်အငြိုးထားပြီး မတရားဖမ်းဆီးမှုများပြုလုပ်နေကြောင်း ဒေသခံများကပြောသည်။(NN-23)

ဆက်စပ် သတင်းများ