တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ပန်းမြောင်းကျေးရွာ ဒေသခံ ၅ဦးကို စစ်ကောင်စီတပ်ကဖမ်းဆီး


  • ရေးသူ: Web Master (NN 12)
  • | ရက်စွဲ: ၁၂ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.3k

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ပန်းမြောင်းကျေးရွာမှ ဒေသခံ ၅ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားသည်ဟု ဒေသခံများက ပြောသည်ဖမ်းဆီးခံရသူများမှာ မင်းပြားမြို့နယ်၊ ပန်းမြောင်းကျေးရွာမှ အသက် ၅၀ ကျော်အရွယ် ဦးငလုံးချေ၊ ဦးမဲမောင်၊ ဦးသန်းမောင်ကြီးနှင့် အသက် ၃၀အရွယ် ကိုကျော်ဆန်း၊ ကိုဂိုးချေတို့ဖြစ်သည်ဟု သိရသည်။

လက်ရှိ ပန်းမြောင်း အောင်မင်္ဂလာတောင်တွင် တပ်စွဲထားသည့် စစ်တပ်နှင့်  ရက္ခိုင်တပ်တော်အကြား စစ်​ရေး တင်းမာနေသလို ပန်းမြောင်းအနီးရှိ တောင်ဖြူတောင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့်လည်း စစ်ရေး တင်းမာနေသဖြင့် လူသားဒိုင်းကာ အဖြစ်အသုံးပြုရန် ဖမ်းဆီးခြင်း ဖြစ်နိုင်သည်ဟု​ ဒေသခံတစ်ဦးက သုံးသပ်ပြောဆိုသည်။

 

ယမန်နေ့ဒီဇင်ဘာလ ၁၁ရက်၊ ည ၁၀နာရီအချိန်ခန့်က ၎င်းတို့အား ပန်းမြောင်းကျေးရွာ စစ်ကောင်စီ၏ စစ်စခန်း တပ်ဖွဲ့ဝင်များက ဖမ်းဆီးခြင်းဖြစ်သည်ဟု သိရသည်။

 

ဒေသခံအမျိုး သမီးတစ်ဦးက "ဘာလို့ဖမ်းတာလဲတော့ ကျွန်မတို့လည်းမသိရဘူး။ ပန်းမြောင်း ရွာနားမှာက တောင်ဖြူတောင်နဲ့ အောင်မင်္ဂလာတောင်မှာ စစ်သားတွေရှိတယ်။ သူတို့ လာဖမ်းတာဖြစ်နိုင်တယ်။ ဖုန်းလိုင်းတွေလည်း ပြတ်နေတော့ ရွာကို အသေးစိတ်မေးမြန်းဖို့ ဖုန်းဆက်မရဘူးဖြစ်နေတယ်" ဟု ပြောသည်။

 

လက်ရှိတွင် အဆိုပါဖမ်းဆီးခံရသူများကို မည်သည့် နေရာတွင် ဖမ်းဆီးချုပ်နှောင်ထားသည်ကို အသေးစိတ် မသိရသေးဟု ပြောဆိုသည်။

 

မင်းပြားမြို့နယ်၊ ပန်းမြောင်းကျေးရွာတွင် ယမန်နေ့ဒီဇင်ဘာလ ၁၁ရက်၊ နေ့လယ် ၂ နာရီခန့်က ပန်းမြောင်းကျေးရွာအနီးရှိ တောင်ဖြူတောင်နှင့် အောင်မင်္ဂလာတောင်တို့ရှိ စစ်ကောင်စီ၏ စစ်စခန်းများတွင် စစ်ရဟတ်ယာဉ်ဖြင့် စစ်သားများနှင့်  ရိက္ခာများလာချစဉ် အနီးအနားရှိ ကျေးရွာများကို စစ်ရဟတ်ယာဥ် ၂စီး၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သည်။

 

ထိုသို့ပစ်ခတ်မှုကြောင်း လူနေကျေးရွာများဖြစ်သည့် ပန်းမြောင်းကျေးရွာ ရွာဟောင်းနှင့် ရွာသစ် အစရှိသည့်ကျေးရွာတို့မှ ဒေသခံ အများအပြားသည် ဘေးလွှတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေကြရသည်။(NN-12)

ဆက်စပ် သတင်းများ