ဗုဒ္ဓဟူး၊ မေလ ၂၉ရက်၊ ၂၀၂၄

ဘူးသီးတောင် အင်းဖောက်ကျေးရွာဇရပ်ကို မီးရှို့၍ ဘုန်းတော်ကြီးကျောင်းကို ဖျက်ဆီးသည့် စစ်ကောင်စီစစ်ကြောင်းကို AA က ဝင်တိုက်၍ ၄ ယောက်သေဆုံး


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၁၃ ဖေဖော်ဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 1.6k

နိရဥ္စရာ၊ ဖေဖော်ဝါရီ ၁၃/ ၂၀၂၄

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် အင်းဖောက်ကျေးရွာ ဇရပ်ကို မီးရှို့ပြီး ဘုန်းတော်ကြီးကျောင်းအား ဖျက်ဆီးသည့် စစ်ကောင်စီ စစ်ကြောင်း တစ်ခုကို ရက္ခိုင့်တပ်တော် ( AA)က ဝင်တိုက်၍ စစ်သား ၄ ယောက်သေဆုံးပြီး ဒဏ်ရာအများအပြားဖြင့် နောက်ဆုတ်သွားခဲ့သည်ဟု သတင်းရင်းမြစ်တစ်ခုက ပြောကြားသည်။

ဒေသခံ တစ်ဦးက “ ဒီလ ၁၁ ရက် မနက် ၉ နာရီလောက်မှာ စစ်သားအယောက် ၅၀လောက်ပါတဲ့ စစ်ကြောင်း တစ်ကြောင် ခလရ ၂၃၃ ဘက်က အင်းဖောက်ရွာကို ဝင်လာတယ်။ ဝင်လာပြီး ရွာကဇရပ်ကို မီးရှို့ ဖျက်ဆီးပါတယ်။ ဇရပ်မှာရပ်ထားတဲ့ ဆိုင်ကယ် ၁၀ စီးလည်း မီးလောင်သွားတယ်။ ဘုန်းကြီးကျောင်းက မှန်တွေကိုလည်း စစ်သားတွေ ရိုက်ခွဲဖျက်ဆီးခဲ့တယ်။ အဲ့လိုလုပ်ပြီးမှ တပ်တော်က ဝင်တိုက်လို့ တိုက်ပွဲစဖြစ်တာပါ ” ဟု နိရဉ္စရာသတင်းဌာနကို ပြောသည်။

တိုက်ပွဲမဖြစ်ခင် ရက္ခိုင့်တပ်တော်က ရွာကနေ နောက်ဆုတ်ပေးပြီး နေ့လယ် ၁၂ နာရီလောက်မှ သေချာပြင်ဆင်ပကာ ပြန်တိုက်ခဲ့သည်ဟု ၎င်းက ပြောဆိုသည်။

“ ပထမ အဲဒီ စစ်ကြောင်းက နံနက် ၉ နာရီလောက်မှာ ဝင်လာပြီး အရင် ရန်စတာ။ ကိုယ့်တပ်တော်က နောက်ဆုတ်ပြီး ၁၂ နာရီလောက်မှာ သေချာပြင်ဆင်ပြီး ပြန်တိုက်ခိုက်တာ။ ၂ နာရီ ထိလောက်ထိဖြစ်ခဲ့တယ်။ သူတို့ဘက်က လေးယောက်လောက်က ကျသွားတယ်။ ဒဏ်ရာရတဲ့သူတွေလည်းရှိတယ်။ အဲဒါနဲ့ နောက်ပြန်ဆုတ်သွားပါ” ဟုပြောသည်။

တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးသွားခြင်းနှင့် ပတ်သက်ပြီး ဆက်လက်မေးမြန်းရာ ရက္ခိုင့်တပ်တော်က စစ်သည်များ မျက်မြင်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

၄င်းကျေးရွာအနီးတွင် ခလရ (၂၆၃) ၊ ခလရ( ၂၃၃)၊ ခလရ ( ၂၃၄)ရှိပြီး ဘူးသီးတောင်မြို့ ဗျူဟာလက်အောက်ခံ တပ်ရင်းများ ဖြစ်ကြောင်းဆိုသည်။

ယင်းနေ့တစ်ရက်ထဲမှာပင် ဘူးသီးတောင်မြို့နယ်၊ ကျောက်ဆိပ်အုပ်စု အတွင်းငါးသည် မွတ်ဆလင် ကျေးရွာတွင်စစ်ကောင်စီ၏ ဒရုန်းဖြင့်ပစ်ခတ်၍ မွတ်ဆလင်ကျေးရွာသား ၂ ဦးသေဆုံးပြီး  ၇ဦး ဒဏ်ရာ ရရှိသွားခဲ့သည်ဟု ဘူးသီးတောင်ဒေသခံတစ်ဦးက နိရဉ္စရာကိုပြောသည်။

“ အစက ဒဏ်ရာ ၉ ယောက်ရတာ။ ကလေးတွေရောပါတယ်။ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ယောက်လည်း ပါတယ်။ ဒဏ်ရာပြင်းထန်လို့ ကိုယ်ဝန်ဆောင်အမျိုးသမီးနဲ့ အမျိုးသားတစ်ယောက်သေသွားတယ်။ သူတို့က ကင်းတောင်ရွာကနေ အတွင်းငါးသည်ရွာကို စစ်ရှောင်လာကြတဲ့သူတွေပါ ” ဟုပြောသည်။

တိုက်ပွဲဖြစ်ပွားမှုကြောင့် မြို့ပေါ်ကလူများ နယ်ကိုထွက်ပြေးတိမ်းရှောင်ကြသလို စစ်တပ် တပ်ရင်းများနှင့် နီးကပ်သည့် နယ်ကျေးရွာများကလူများလည်း တစ်ခြားလုံခြုံရာသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်းသိရသည်။(NN-11)

ဆက်စပ် သတင်းများ