အင်္ဂါ၊ မေလ ၂၈ရက်၊ ၂၀၂၄

ဘူးသီးတောင်မှ စကစ တပ်မိသားစုများကို စစ်ရဟတ်ယာဥ်များဖြင့် စစ်တွေသို့ရွှေ့ပြောင်း


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၁၅ ဖေဖော်ဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 3.6k

ရခိုင်ပြည်၊ဘူးသီးတောင်မြို့မှ စစ်တပ်မိသားစုများကို စစ်ရဟတ်ယာဉ်များဖြင့် စစ်တွေသို့ ရွှေ့ပြောင်းလိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

ဘူးသီးတောင်မြို့ရှိ စစ်တပ် ဝန်ထမ်းမိသားစုများနှင့် ရဲဝန်ထမ်း မိသားစုများကို ဖေဖော်ဝါရီ ၅ ရက်နှင့် ၆ ရက် နေ့က စစ်ရဟတ်ယာဥ်များဖြင့် စစ်တွေမြို့ကို ရွှေ့ပြောင်းထားပြီဟု ဘူးသီးတောင်မြို့ခံတစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောသည်။

“လိုင်းတန်းထဲမှာ နေတဲ့ စစ်သား ရဲသားမိန်းမတွေ ကလေးတွေကို ရဟတ်ယာဥ်တွေနဲ့ စစ်တွေကိုပို့ထားပြီးပြီ။ အဲ့နေ့က တစ်ရက်မှာ ရဟတ်ယာဉ်ပ  ၈ ခေါက် ၁၀ ခေါက်လောက် အတက် အဆင်းရှိတယ်။ တစ်ခေါက် တစ်လေကျရင် Mi အမျိုးစား ရဟတ်ယာဉ်တွေနဲ့ အဲ့ဒီအစီးတွေမှာဆိုရင် အရာရှိတွေရဲ့ မိသားစုတွေကို  ပို့ဆောင် တယ်ထင်တယ်” ဟုပြောသည်။

ဘူးသီးတောင်မြို့ အနီးဝန်းကျင်တွင်လည်း မကြာခဏ တိုက်ပွဲများဖြစ်ပွားမှုများရှိသလို ဘူးသီးတောင်အခြေစိုက် စကခ (၁၅) ကို ရက္ခိုင့်တပ်တော်က ဝင်ရောက် တိုက်ခိုက်မည်ဟု သတင်းများ ထွက်ပေါ်နေသဖြင့် စိုရိမ်ရ၍ မိသားစုများကို ရွှေ့ပြောင်းဖြစ်သည်ဟု သိရှိရကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ဘူးသီးတောင်မြို့ရှိတပ်မ အပါအဝင် လက်ကျန်တပ်ရင်းများသည် နေ့စဉ်လိုလို မြို့နှင့်နီးစပ်သည့် အနီးအနား ဝန်းကျင်နှင့် ကျောက်တော်၊ ရသေ့တောင်မြို့နယ် ဖက်ကို အတွဲလိုက်ဒုံးကျည်၊ လက်နက်ကြီးများဖြင့် ပစ်ခတ်လေ့ရှိပြီး ယမန်နေ့ကလည်း ဘူးသီးတောင်မြို့ပေါ်မှတပ်ရင်းများမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျည်များသည် ရသေ့တောင်မြို့နယ် ခနောင်းကြီးရွာတွင် ကျရောက်ခဲ့သည်ဟု ဘူးသီးတောင်ဒေသခံတစ်ဦးက နိရဉ္စရာသတင်းဌာနကိုပြောသည်။

“ နေ့တိုင်းလိုလို ဘူးသီးတောင်ဖက်က စစ်တပ်နဲ့ရဲတပ်တွေက လက်နက်ကြီးကျည်တွေ ပစ်ခတ်လေ့ရှိတယ်။ မနေ့ကဆိုရင်လည်း ရသေ့တောင်ဖက်ကို ပစ်တာ ခနောင်းကြီးမှာကျတယ်” ဟုပြောသည်။

ဘူးသီးတောင်မြို့တွင် စကခ(၁၅) လက်အောက်ခံ စစ်တပ်တပ်ရင်း (၁၀)ရင်းနှင့် ရဲတပ်ရင်း (၃)ရင်းသာ ကျန်ရှိနေသေးကြောင်းသိရသည်။

ကျောက်ဖြူမြို့နယ်မှ စစ်တပ်မိသားစုဝင်များကို လည်း ဖေဖော်ဝါရီ ၅ ရက်နေ့က စတင်ကာ ကုန်တင် သင်္ဘောဖြင့် ရွှေ့ပြောင်းခဲ့ကြောင်း သိရသည်။

အလားတူတိုက်ပွဲဖြစ်လာမည်ကို စိုးရိမ်၍ စစ်တွေမြို့မှ စစ်ကောင်စီအရာရှိများ၏ မိသားစုများ၊ ဌာနဆိုင်ရာ အရာရှိများ၏ မိသားစုများကို ရန်ကုန်သို့ ပို့ဆောင်ထားကြသလို  ဌာနဆိုင်ရာကားများ အပါအဝင် ပုဂ္ဂလိကပိုင် အိမ်စီးကားများကို ဇန်နဝါရီနောက်ဆုံးအပတ်က ရန်ကုန်သို့ ကုန်တင် သင်္ဘောကြီးဖြင့် ရွှေပြောင်း ပို့ဆောင်ထားကြောင်းမြို့ခံများကပြောသည်။(NN-11) (ဓာတ်ပုံ- ပုံဟောင်း)

ဆက်စပ် သတင်းများ