အင်္ဂါ၊ မေလ ၂၈ရက်၊ ၂၀၂၄

စစ်ရေးအရှိန်မြင့်တက်လာမှုကြောင့် ဘူးသီးတောင်မှ စစ်မိသားစုများအားလုံးကို ပြောင်းရွေ့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 2.6k

သဥ္ဇာနွယ်၊နိရဉ္စရာ၊ မတ် ၂၉/ ၂၀၂၄

ရခိုင်ပြည်၊ဘူးသီးတောင်မြို့တွင် ကျန်ရှိနေသေးသည့် တပ်ရင်းများမှ စစ်ကောင်စီ တပ်မိသားစုဝင်များအားလုံးကို မောင်တောမှ တဆင့် စစ်ဇက်ရေယာဉ်များဖြင့် ပြောင်းရွေ့လိုက်ကြောင်းသတင်းရရှိသည်။

ဘူးသီးတောင်မြို့ရှိ စစ်တပ်မိသားစုများကို ပြီးခဲ့သည့် မတ်လ ၂၇ ရက်နေ့ နံနက်ပိုင်းကနေ ဘူးသီးတောင်-မောင်တော ကားလမ်း အတိုင်း စစ်ကား( ၁၇ )စီးဖြင့် မောင်တော ကညင်ချောင်း ဆိပ်ကမ်းသို့ ပိုဆောင်နေသည်ကို  မြင်တွေခဲ့ရသည်ဟု မောင်တောရွှေဇားရွာမှ အမျိုးသားတစ်ဦးက နိရဥ္စရာသတင်းဌာန ကိုပြောသည်။

“ ဘူးသီးတောင်ကနေ လာတဲ့ စစ်တပ် မိသားစုတင်တဲ့ ကားတွေ အများကြီးပဲ။ ပြီးတော့ မောင်တော ရွှေဇားတံတားကနေဖြတ်ပြီး ကညင်ချောင်း ဆိပ်ကမ်းမှာ ရပ်တယ်” ဟုပြောသည်။

၄င်းတို့ကို ယမန်နေ့ မတ်လ ၂၈ ရက်နေ့က မောင်တောကညင်ချောင်းဆိပ်ကမ်းမှ ဇက်နေဗီပေါ်သို့ စက်လှေများဖြင့် ပို့ဆောင်ခဲ့သည်ဟု မောင်တော ဒေသခံတစ်ဦးက နိရဥ္စရာကိုပြောသည်။

“  စစ်တွေလား၊ သံတွဲလား မပြောတတ်ဘူး။ ရန်ကုန်လား။ ဘယ်ကို ယူသွားတာလည်းတော့ မသိဘူး။ တပ်မိသားစု ပြောင်းရွှေ့တာတော့ မှန်ပါတယ်။  ဇက်နေဗီတွေနဲ့တော့ တင်သွားတာပဲ တွေ့လိုက်တယ်။ လူတွေကတော့ အများကြီးပဲ ” ဟုပြောသည်။

ဘူးသီးတောင်တွင် စကခ ၁၅ ဌာနချုပ် အခြေစိုက်ပြီး လက်အောက်ခံ ခမရ ၃၄၅၊ ခမရ ၃၅၂၊ ခမရ ၃၅၃၊ ခမရ ၅၃၅၊ ခမရ ၅၅၁၊ ခမရ ၅၆၄၊ ၅၆၅၊ ခမရ ၅၅၂ တို့အပြင် ဘူးသီတောင်၌ နပခ လက်အောက်ခံ ခလရ ၂၃၃၊ ခလရ ၂၃၄၊ ခလရ ၂၆၃ တို့ အခြေစိုက်ထားသည်ဟု သိရသည်။

ဘူးသီးတောင်တွင် စစ်ကောင်စီတပ်စခန်းများကို ရက္ခိုင့်တပ်တော်က ဝင်ရောက် တိုက်ခိုက်နေသဖြင့် တိုက်ပွဲများပြင်းထန်လျက်ရှိပြီး ပြီးခဲ့သည့် မတ်လ ၂၅ ရက်နေ့က စကခ (၁၅)လက်အောက်ခံ တပ်ရင်းများထဲမှ ခမရ (၅၅၂) တပ်ရင်းနှင့်ဘူးသီးတောင်မြို့နယ် တောင်ဘဇာစခန်းကို သိမ်းပိုက်ရရှိခဲ့ကြောင်း ရက္ခိုင့်တပ်တော်က ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ  ၅ ရက်နှင့် ၆ ရက် နေ့က ဘူးသီးတောင်မြို့ရှိ စစ်တပ် ဝန်ထမ်း မိသားစုများနှင့် ရဲဝန်ထမ်းမိသားစုတချို့ ကို  စစ်ရဟတ်ယာဥ်များဖြင့် စစ်တွေမြို့ကို ရွှေ့ပြောင်း ထားပြီဟု ဘူးသီးတောင်မြို့ခံများက ပြောသည်

ကျောက်ဖြူမြို့နယ်မှ စစ်တပ်မိသားစုဝင်များကို လည်း ဖေဖော်ဝါရီ ၅ ရက်နေ့က စတင်ကာ ကုန်တင် သင်္ဘောဖြင့် ရွှေ့ပြောင်းခဲ့ကြောင်း သိရသည်။

အလားတူတိုက်ပွဲဖြစ်လာမည်ကို စိုးရိမ်၍ စစ်တွေမြို့မှ စစ်ကောင်စီအရာရှိများ၏ မိသားစုများ၊ ဌာနဆိုင်ရာ အရာရှိများ၏ မိသားစုများကို ရန်ကုန်သို့ ပို့ဆောင်ထားကြသလို  ဌာနဆိုင်ရာကားများ အပါအဝင် ပုဂ္ဂလိကပိုင် အိမ်စီးကားများကို ဇန်နဝါရီနောက်ဆုံးအပတ်က ရန်ကုန်သို့ ကုန်တင် သင်္ဘောကြီးဖြင့် ရွှေပြောင်း ပို့ဆောင်ထားကြောင်းမြို့ခံများကပြောသည်။

ဆက်စပ် သတင်းများ