တနင်္ဂနွေ၊ ဇူလိုင်လ ၇ရက်၊ ၂၀၂၄

မင်းပြားမြို့သို့ စစ်ကောင်စီ စစ်ရေယာဉ်၄ စီး စစ်ကူသွားရောက်ရန်ကြိုးစားနေ


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၂၂ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 1.7k

(မြစ်ကြောင်းတစ်လျှောက်ရှိ အနီးအနားရှိ ကျေးရွာများအထူးသတိထားရန် လိုအပ်)

စစ်ကောင်စီ ဇက်စစ်ရေယာဉ် ၄ စီးသည် ယမန်နေ့ (ဇန်နဝါရီ ၂၁ ရက်) ညနေပိုင်းက မင်းပြားမြို့သို့ စစ်ကူပေးရန် သွားရောက်ရာ ဒီရေမမီသဖြင့် စက္ကရေရွာနားတွင် သောင်တင်နေကြောင်း ရခိုင်သတင်းပို့စ် လူမှုကွန်ယက် စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။

ထိုစစ်ရေယာဉ် ၄ စီးကို ရက္ခိုင့်တပ်တော်က ကြားဖြတ် မတိုက်ခိုက်နိုင်အောင် လေယာဉ် ၂ စီးဖြင့်လည်း ကာကွယ်ပစ်ခတ်ပေးနေသည်ဟု ဇန်နဝါရီ ၂၁ ရက်  ည ၇ နာရီ ၃ဝမိနစ် ရရှိသည့် သတင်းကို အခြေခံပြီး ရေးသားဖော်ပြထားသည်။ 

၎င်းစစ်ကောင်စီရေယာဉ်များသည် ဇန်နဝါရီ ၂၂ ရက်နေ့ နံနက်တွင် မင်းပြားဘက်သို့ ချောင်းကြောင်း၊ မြစ်ကြောင်းအတိုင်း ဆက်လက် ခုတ်မောင်းတက်လာနိုင်သဖြင့် ဒေသခံပြည်သူများ အထူးသတိထားရန် လိုအပ်နေကြောင်း သိရှိရသည်။

အထူးသဖြင့် မြစ်ကြောင်းတလျှောက်ရှိ  ခေါင်းလောင်းချောင်း၊ စက္ကရေ၊ ဗလိ့ပေါက်၊ ကျားရဲပြင်၊ သက်ပုန်းဈ ချောင်းရှည်၊ သင်္ဂနက်၊ မညှင်းပြင်၊ ကျွဲတက်နှင့် ရွေဘုံသာ စသည့် ကျေးရွာများမှာ  ဘေးကင်းရန်အတွက် သတိထားကြရန် ရခိုင်သတင်းပို့စ်က ရေးသားထားသည်။ 

အဆိုပါ ကျေးရွာအထဲမှ တချို့ကျေးရွာများသည် စစ်ရေယာဉ်များ မင်းပြားသို့ မြစ်ကြောင်းအတိုင်း တက်တိုင်း ပစ်ခတ်ခံနေကြရသည့် ကျေးရွာများဖြစ်ကြသည်ဟု သိရသည်။

၎င်းအပြင် စစ်ရေယာဉ် ၄ စီး မင်းပြားမြို့သို့ စစ်ကူသွားရောက်ရန်အတွက် ပေါက်တောမြို့ ကျွဲကူးမြစ်ကို ဖြတ်၍ အထက်သို့ တက်သွားကြောင်း လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားဖော်ပြမှု တစ်ချို့လည်း ရှိနေသည်။

နိရဉ္စရာသတင်းဌာနအနေဖြင့် ဒေသအတွင်း သတင်းရင်းမြစ်များသို့ အကြိမ်ကြိမ် ဖုန်းဆက်သွယ်သော်လည်း ဖုန်းလိုင်းအဆင်မပြေ၍ ဆက်သွယ်မရသဖြင့် ယခု စစ်ရေယာဉ် ၄ စီး မင်းပြားသို့ စစ်ကူပေးရန် သွားရောက်နေသည်ကို အသေးစိတ်တင်ပြနိုင်ခြင်း မရှိသေးပါ။

ဓာတ်ပုံ- ရခိုင်သတင်း

ဆက်စပ် သတင်းများ