တနင်္ဂနွေ၊ ဇူလိုင်လ ၇ရက်၊ ၂၀၂၄

AA မှကြားဖြတ်တိုက်ခိုက်၍ မင်းပြားမြို့ကို စစ်ကူလာသည့် စစ်ကောင်စီနေဗီ ၄ စီး ပြန်လည်ဆုတ်ခွာသွား


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၂၆ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 7k

(ကျားရဲပြင်ရွာတွင် မြုပ်နှံထားခဲ့သည့် စစ်ကောင်စီအလောင်းများတွေ့ရှိ)

ရခိုင်ပြည်၊ မင်းပြားမြို့ကို စစ်ကူရန်လာသည့် စစ်ကောင်စီနေဗီ ၄ စီးအား  ရက္ခိုင့်တပ်တော်(AA)၏ ကြားဖြတ်ဟန့်တား တိုက်ခိုက်မှုကြောင့် ပြန်လည်ဆုတ်ခွာသွားပြီဟု သတင်းရရှိသည်။

မင်းပြားမြို့ကို ပြီးခဲ့သည့် ဇန်နဝါရီ ၂ ၂ ရက်နေ့က စစ်ကူရန်လာခဲ့သည့် စစ်ကောင်စီ၏ နေဗီ ၄ စီးသည် ရက္ခိုင့်တပ်တော်(AA)၏ကြားဖြတ်ဟန့်တား တိုက်ခိုက်မှုကြောင့် ယမန်နေ့ ဇန်နဝါရီ ၂၅ ရက် ညဥ့် ၁၁နာရီခန့်ကပင် ပြန်လည်ဆုတ်ခွာသွားကြသည်ဟု မင်းပြားမြို့နယ်၊ ကျားရဲပြင်ကျေးရွာမှ ဒေသခံတစ်ဦးက နိရဉ္စရာသတင်းဌာနကိုပြောသည်။

“ အဲ့ဒီစစ်သားတွေက ကျားရဲပြင်မှာစခန်းချပြီး အိမ်တစ်အိမ်မှာ ချက်ပြုတ်စားသောက်ပြီးနေခဲ့တယ်။ မနေ့ည ၁၁ နာရီလောက် ကပဲသူတို့ထွက်ခွာသွားကြလို့ ခုရွာသားတချို့ပြန်ရောက်နေပြီ။ သူတို့က မင်းပြားမြို့ကို အင်အားဖြည့်ဖို့လာကြတာ။  မြို့ပေါ်မရောက်နိုင်ဘဲ ရက္ခိုင့်တပ်တော်က ကမ်းကပ်ခွင့် မရအောင် ဟန့်တား ပစ်ခတ်လိုက်လို့ ကြောက်ပြီးပြန်သွားကြပြီ။ သူတို့ပြန်လာခဲ့တဲ့ လမ်းကြောင်းအတိုင်းပဲ ပြန်သွားကြတာ ” ဟုပြောသည်။

၄င်း နေဗီမှ တက်လာသော စစ်ကောင်စီတပ်သားများသည် ကျားရဲပြင် ကျေးရွာတွင် ၄ ရက်ကြာ စခန်းချနေထိုင်ခဲ့ပြီး ရက္ခိုင့်တပ်တော်၏ လက်ချက်ကြောင့် သေဆုံးသွားသည့် စစ်ကောင်စီ၏ ရုပ်အလောင်းအချို့ကို ရွာထဲတွင် မြှုပ်ထားခဲ့သည်ဟု ၄င်းကပြောသည်။

“ စစ်သားတွေ ရွာက အိမ်တွေကို ဖောက်ထွင်းမွှေသွားခဲ့တယ်။ ပြီးတော့ အလောင်း  ၇ လောင်း လောက်ကို မြှုပ်ထားတယ်။အဲ့ဒီအလောင်းတွေကိုရွာသားတွေကဖော်ပြီး ချောင်းထဲကို လွှင့်ပစ် လိုက်တယ်။ ရွာမှာက ရွာဂါမ ပိုင်းညတ်ရှိတယ်လေ။ တစ်ခြားရွာက စိမ်းသေသေတဲ့ လူကို ရွာသုဿန်မှာ မြုပ်လို့ မရဘူး။ ဘေးအန္တရာယ် ကျရောက်တတ်တယ်” ဟုပြောသည်။

စစ်ကောင်စီတပ်က ရွာထဲတွင် မိုင်းထောင်ထားကောင်း ထောင်ထားနိုင်သဖြင့် လက်ရှိတွင် မိုင်းအန္တရာယ်ကို စိုးရိမ်နေရ၍  ရွာသားများအားလုံး ရွာကို မပြန်နိုင်သေးဟု ပြောဆိုသည်။

ယင်းအပြင် မင်းပြားတွင် ကျန်ရှိနေသေးသည့် စစ်ကောင်စီ၏ခမရ ၃၇၉ နှင့် ရက္ခိုင့်တပ်တော်(AA) တို့သည့် ယမန်နေ့ ညက ပြင်းထန်စွာ တိုက်ပွဲဖြစ်ခဲ့သည်ဟု မင်းပြားဒေသခံတစ်ဦးက နိရဉ္စရာသတင်းဌာနကိုပြောသည်။

“ ၃၇၉မှာစုပေါင်းထားတဲ့စစ်သားတွေရှိသေးတယ်။ ညအချိန်  တိုက်ပွဲဖြစ်တာကိုကြားရတယ်။ အဲ့ဒီ ၃၇၉ မှာ ဂူခေါင်းရှိတယ်။ အဲဒီမှာ စစ်သားတွေ တွင်းတူးလို့နေကြတာ “ ဟုပြောသည်။

တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေသော မင်းပြားစစ်မြေပြင်တွင် ရက္ခိုင့်တပ်တော်(AA) တပန်းသာ နေပြီး စစ်ကူလာသည့် စစ်ကောင်စီ နေဗီသင်္ဘောများအား ဟန့်တားတိုက်ခိုက်နိုင်ခဲ့သည်ဟု ဇန်နဝါရီ ၂၅ ရက် ညီနောင်သုံးဖွဲ့၏ နေ့စဉ်ထုတ်ပြန်နေသည့် သတင်းတွင် ဖော်ပြထားသည်။

ယခုပြန်လည်ဆုတ်ခွာသွားသည့် စစ်ကောင်စီ၏နေဗီ‌ ၄ စီးသည် ပြီးခဲ့သည့် ဇန်နဝါရီ ၂၂ ရက်နေ့က မင်းပြားမြို့ကို စစ်အင်အားဖြည့်ရန် တက်လာခဲ့ခြင်းဖြစ်ပြီး မင်းပြားမြို့ကိုမရောက်ရှိဘဲ ရက္ခိုင့်တပ်တော်၏ တိုက်ခိုက် ဟန့်တားမှုကြောင့် ဆုတ်ခွာသွားခဲ့ကြသည့်အတွက် စိတ်ကျေနပ်မှု ရရှိကြသည်ဟု ဒေသခံများက ပြောသည်။(NN-11)

 

ဆက်စပ် သတင်းများ