တနင်္ဂနွေ၊ ဇူလိုင်လ ၇ရက်၊ ၂၀၂၄

မင်းပြားမြို့ ခမရ (၃၈၀) တပ်ရင်းကို ရက္ခိုင့်တပ်တော် အပြီးသတ်သိမ်းပိုက်


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၂၉ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 2.7k

ရက္ခိုင့်တပ်တော် (AA) သည် မင်းပြားမြို့ အခြေစိုက် ခမရ (၃၈၀) တပ်ရင်းအား အပြီးသတ် သိမ်းပိုက်လိုက်ပြီဟု ဇန်ဝါရီ ၂၈ ရက်နေ့ ညီနောင်မဟာမိတ် သုံးဖွဲ့မှ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။ 

အကြမ်းဖက်စစ်ကောင်စီသည် အဆိုပါတပ်ရင်းအား လေကြောင်းမှ ပစ်ကူပေးခြင်းနှင့် ရေကြောင်းမှ စစ်အင်အားဖြည့်တင်းခြင်းတို့ဖြင့် အသည်းအသန် ခုခံခဲ့သော်လည်း  ရက္ခိုင့်တပ်တော်၏ ထိုးစစ်အောက်၌ ၎င်းတပ်ရင်းတစ်ခုလုံး ထပ်မံကျဆုံးခဲ့ရသည်။

ညီနောင်သုံးဖွဲ့၏ ထုတ်ပြန်ချက်အထဲတွင် “ယနေ့တွင် ရက္ခိုင့်တပ်တော် (AA) မှ ထိုးစစ်ဆင် တိုက်ခိုက်နေသည့် ရက္ခိုင်ဒေသ၊ မင်းပြားမြို့နယ်ရှိ စစ်ကောင်စီ၏ “ခမရ (၃၈၀) တပ်ရင်း” အား အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ပြီဖြစ်ကြောင်း၊  ရန်သူသည် နေ့စဉ်ရက်ဆက် စခန်းတစ်ခုပြီးတစ်ခု စွန့်လွှတ် နေရသည့်အတွက် အဆိုပါတပ်ရင်းအား လေကြောင်းမှ ပစ်ကူပေးခြင်းနှင့် ရေကြောင်းမှ စစ်အင်အားဖြည့်တင်းခြင်းတို့ဖြင့် အသည်းအသန် ခုခံခဲ့သော်လည်း  ရက္ခိုင့်တပ်တော်၏ ထိုးစစ်အောက်၌ တပ်ရင်းတစ်ခု ထပ်မံကျဆုံးခဲ့ရကြောင်း” ဖော်ပြထားသည်။

မင်းပြားတွင် စစ်ကောင်စီ၏ ခမရ (၃၈၀)၊ (၃၇၉) နှင့် (၅၄၁) တပ်ရင်း ၃ ရင်းတည်ရှိပြီး ၎င်း တပ်ရင်း များကို တစ်ခုနှင့် တစ်ခု အနီးကပ်တည်ဆောက်ထားခြင်းဖြစ်သည်။

အဆိုပါ တပ်ရင်းများ ရက္ခိုင့်တပ်တော် မသိမ်းပိုက်နိုင်ရန် လေယာဉ်များဖြင့် အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခြင်း၊ ရေတပ်သင်္ဘောများဖြင့် အကြိမ်ကြိမ် အမြောက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ စစ်အင်အားအများအပြားကို စစ်ကူပို့ဆောင်ခဲ့သော်လည်း ခမရ (၃၈၀) ကို ရက္ခိုင့်တပ်တော်က သိမ်းပိုက်လိုက်ခြင်းဖြစ်သည်။

လက်ရှိတွင် ခမရ (၃၇၉) နှင့် (၅၄၁) တပ်ရင်း နှစ်ရင်းသာကျန်ရှိတော့သော်လည်း ရက္ခိုင့်တပ်တော်က ဝိုင်းဝန်းပိတ်ဆို့ထားပြီး ဆက်လက်၍ တိုက်ခိုက်နေသဖြင့် အင်အားအနည်းအကျဉ်းသာ ကျန်ရှိတော့သည်ဟု သိရသည်။

ရခိုင်တွင် တစ်ခြားတိုက်ပွဲဖြစ်ပွားနေသော မြို့များမှာ မြောက်ဦး၊ ကျောက်တော်၊ ရမ်းဗြဲ၊ မောင်တော၊ ဘူးသီးတောင်၊ မင်းပြားနှင့် ရသေ့တောင်မြို့နယ်များဖြစ်ကြပြီး စစ်ကောင်စီသည် လေကြောင်းကို အသုံးပြုပြီး အကြီးအကျယ် ခုခံကာကွယ်နေရသည်ဟု သိရှိရသည်။

ညီနောင် ၃ ဖွဲ့၏ ထုတ်ပြန်ချက်တွင်လည်း ယခင်ရက်များနည်းတူ ရက္ခိုင်ပြည်၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြားနှင့် ရသေ့တောင်မြို့နယ်များတွင် ရက္ခိုင့်တပ်‌‌တော် (AA) နှင့် စစ်ကောင်စီ တို့ကြား ကြိုကြားကြိုကြားတိုက်ပွဲများ ရှိနေခဲ့သည်ဟု ဖော်ပြသည်။

ဆက်စပ် သတင်းများ