တနင်္ဂနွေ၊ ဇူလိုင်လ ၇ရက်၊ ၂၀၂၄

မင်းပြားမြို့မှ လက်ကျန်တပ်ရင်း ၂ ခုကို ရက္ခိုင့်တပ်တော်ကအပြီးသတ်သိမ်းပိုက်၊ တောင်ပြို(လက်ဝဲ)စခန်းကိုလည်း သိမ်းပိုက်ထိန်းချုပ်လိုက်ပြီဟု ညီနောင်၃ ဖွဲ့ထုတ်ပြန်


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၀၇ ဖေဖော်ဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 1.8k

ရက္ခိုင့်တပ်တော်( AA)သည် မင်းပြားမြို့မှ လက်ကျန် တပ်ရင်း ၂ရင်းဖြစ်သည့် ခမရ (၃၇၉) နှင့် (၅၄၁) တပ်ရင်းတို့အား အပြီးသတ်သိမ်းပိုက်လိုက်ပြီဖြစ်ကာ နယ်စပ်ရှိ တောင်ပြို (လက်ဝဲ) စခန်းအားလည်း သိမ်းပိုက်ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ဖေဖော်ဝါရီ ၆ ရက်နေ့ ညနေပိုင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မင်းပြားမြို့တွင် ခမရ (၃၈၀)၊ (၃၇၉) နှင့် (၅၄၁) တပ်ရင်း ၃ ရင်းရှိရာ ခမရ (၃၈၀) ကို လွန်ခဲ့သည့် ဇန်ဝါရီ ၂၈ ရက်နေ့ အပြီးသတ် သိမ်းပိုက်ခဲ့ပြီးနောက် ယမန်နေ့ ဖေဖော်ဝါရီ ၆ ရက်နေ့တွင် ကျန်ရှိနေသေးသည့် (၃၇၉) နှင့် (၅၄၁) တို့ကို  ထပ်မံသိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

လက်ရှိ မင်းပြားမြို့သည် စစ်ကောင်စီကင်းစင်နယ်မြေဖြစ်သွားပြီဖြစ်သည်။

မင်းပြားမြို့သိမ်းတိုက်ပွဲနှင့်ပတ်သက်ပြီး ညီနောင် ၃ ဖွဲ့၏ ထုတ်ပြန်ချက်တွင် ယခုလို ဖော်ပြသည်။

“စစ်ကောင်စီ၏ စကခ (၉) လက်အောက်ခံ လက်ကျန်တပ်ရင်းအချို့အား ရက္ခိုင့် တပ်တော်မှ နေ့ညမနား တစ်လတာနီးပါး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ မင်းပြားမြို့အခြေစိုက် “ခမရ (၃၇၉) နှင့် (၅၄၁) တပ်ရင်း” တို့အား ယနေ့ (ဖေဖော်ဝါရီ ၆ ရက်) တွင် အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ပြီဖြစ်သည်” ဟု ဖော်ပြသည်။



၎င်းပြင် နယ်စပ်တွင်ဖြစ်၍ နာမည်ကြီးနေသော တောင်ပြိုမြို့ တိုက်ပွဲတွင် တောင်ပြို (လက်ဝဲ)စခန်းကို အပြီးသတ်သိမ်းပိုက်ခဲ့ပြီဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“ ဘင်္ဂလာ-ရက္ခိုင်နယ်စပ်၊ မောင်တောမြို့ရှိ တောင်ပြို (လက်ဝဲ) စခန်းအား ရက္ခိုင့်တပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက် လျက်ရှိရာ ယနေ့ တတိယမြောက်နေ့တွင် အပြီးသတ်သိမ်းပိုက်ရရှိခဲ့ပြီ ဖြစ်သည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရက္ခိုင့်တပ်တော်သည် ဖေဖော်ဝါရီလ (၄) ရက် နံနက်က စတင်ပြီး တောင်ပြို (လက်ဝဲ)နှင့် တောင်ပြို (လက်ယာ) စခန်းနှစ်ခုစလုံးကို စတင်ထိုးစစ်ဆင်ခဲ့ပြီး ထိုးစစ်ဆင်သည့်နေ့ ညနေ ၆ နာရီတွင် တောင်ပြိုမြို့ (လက်ယာ) စခန်းကို သိမ်းပိုက်ရရှိခဲ့သည်။

ဆက်လက်ပြီး တောင်ပြိုမြို့ (လက်ဝဲ) စစ်စခန်းအား ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ရာ ဖေဖော်ဝါရီ ၆ ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်ရရှိခဲ့သည်။

ရက္ခိုင့်တပ်တော်၏ ထိုးစစ်ကြောင့် ဘင်္ဂလာ‌‌ဒေ့ရှ်နယ်စပ်ဖက်ခြမ်းသို့ လက်နက်ဖြင့် ထွက်ပြေး လွတ်မြောက်သွားကြသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အရေအတွက်စုစုပေါင်းမှာ သုံးရက်အတွင်း (၂၆၄) ဦး ရှိသွားပြီဟု ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ ( BGB) ၏ ထုတ်ပြန်ချက်အရ သိရသည်။

လက်ရှိတွင် မင်းပြားမြို့တစ်ခုလုံးကို ရက္ခိုင့်တပ်တော်က သိမ်းပိုက်ထိန်းချုပ်ထားလိုက်ပြီ ဖြစ်ပြီး  ကျန်ရှိနေသေးသည့် မြောက်ဦးနှင့် ကျောက်တော်မြို့များရှိ တပ်ရင်းများကို ဆက်လက် တိုက်ပွဲဝင်နေကြောင်း သိရသည်။

ရက္ခိုင့်တပ်တော်က ထိုးစစ်ဆင် တိုက်ခိုက်နေသည့် ကျောက်တော်မြို့တွင် ခမရ (၃၇၄)နှင့်  ခမရ (၃၇၆) တပ်ရင်း (၂) ရင်းကို ရက္ခိုင့်တပ်တော်က  အပြီးသတ် သိမ်းပိုက်ထားနိုင်ခဲ့ပြီဖြစ်သဖြင့် လက်ရှိ ကျောက်တော်မြို့တွင် အမှတ်(၉) စစ်ဗျူဟာကွပ်ကဲမှုဌာနချုပ် (စကခ) နှင့် ခမရ (၃၇၅) တပ်ရင်းသာ ကျန်ရှိတော့သည်ဟု သိရသည်။

အလားတူ  မြောက်ဦးမြို့တွင်လည်း ခမရ (၅၄၀) နှင့်  ခမရ (၃၇၈) တပ်ရင်းအား  ရက္ခိုင့်တပ်တော်က အပြီးသတ် ချေမှုန်းသိမ်းပိုက်ထားနိုင်ခဲ့ပြီ ဖြစ်သဖြင့် ဆက်လက်သိမ်းပိုက်ရန် ခမရ (၃၇၇) တပ်ရင်း တစ်ခုသာကျန်ရှိပြီး များမကြာမီ သိမ်းပိုက်နိုင်တော့မည်ဟု သိရသည်။

၎င်းအပြင် ရက္ခိုင်ပြည်၊ ရမ်းဗြဲ၊ အမ်းနှင့် မြေပုံမြို့နယ်များတွင်လည်း ယခင်ရက်များနည်းတူ တိုက်ပွဲများဆက်လက်ရှိနေခဲ့သည်ဟုလည်း ညီနောင် သုံးဖွဲ့၏ ထုတ်ပြန်ချက်တွင် ဆက်လက် ဖော်ပြထားသည်။

စစ်ကောင်စီ၏ စစ်ဖက်၊ ရဲဖက်နှင့် အုပ်ချုပ်ရေးဖက်ဆိုင်ရာ တပ်ဖွဲ့ဝင်များသည် ရက္ခိုင်ဒေသတွင်း ရက္ခိုင့်တပ်တော်မှ စစ်ဆင်ရေး ဖော်ဆောင်လာသည့်အချိန်မှစ၍ ရက္ခိုင့်တပ်တော်ထံ လက်နက်ချအညံ့ခံလာသူများမှာ တစ်နေ့တစ်ခြား ပိုမိုများပြားလာလျက်ရှိသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


ဆက်စပ် သတင်းများ