အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

မြေပုံမြို့အနီးတောထဲသို့ ထင်းရှာသွားသည့်လူငယ် မိုင်းပေါက်၍ ပြင်းထန်ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 710

ကံ့ကော်နီနီ

နိရဉ္စရာ၊ ဩဂုတ် ၁၇ / ၂၀၂၄ 

ရခိုင်ပြည်၊ မြေပုံမြို့အနီးတောထဲသို့ ထင်းရှာသွားသည့်လူငယ်တစ်ဦးသည် မိုင်းပေါက်၍ ဒဏ်ရာအပြင်းအထန်ရရှိသွားကြောင်း သိရသည်။ 

ဒဏ်ရာရရှိသူမှာ မြေပုံမြို့၊ မြောက်ပိုင်းရပ်ကွက်မှ ဦးမောင်အုန်း၏သား အသက်(၁၃)နှစ်အရွယ် မောင်ကျော်ဦးမြင့်ဖြစ်သည်။ 

သူသည် ယမန်နေ့ဩဂုတ်လ ၁၆ ရက်တွင် မြေပုံမြို့မြောက်ဘက် ၂ မိုင်ခန့်အကွာရှိ မိုက်ခရိုတောင်ရှေ့တွင်တည်ရှိသည့် နတ်သက်ကေကုန်းတွင် ထင်းသွားခုတ်ရာ မြေမြှုပ်မိုင်းကိုဓားဖြင့်ခုတ်မိရာမှ မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ၄င်း၏ဖခင်ဖြစ်သူက ပြောသည်။ 

"မိုင်းကိုဓားနဲ့ခုတ်မိတာပါ။ အပင်ကိုခုတ်နေတာမှာ မိုင်းကိုရှပ်ပြီးခုတ်မိတာက ပေါက်ကွဲသွားတာပါ" ဟု ပြောသည်။ 

မိုင်းစထိမှန်၍ မောင်ကျော်ဦးမြင့်၏ မျက်နှာနှင့် ခြေထောက်တို့တွင် ဒဏ်ရာရရှိသွားပြီး လက်ရှိဆေးကုသမှုခံယူနေရသည်။ 

မောင်ကျော်ဦးမြင့်မှာ သူ၏မိသားစုဝင်လေးဦးနှင့်အတူ အိမ်တွင်ချက်ပြုတ်ရေးအတွက်အသုံးပြုရန်ထင်းသွားခုတ်ခြင်းဖြစ်ပြီး ကျန်လူများမှာ ထိခိုက်ဒဏ်ရာရရှိခြင်းမရှိခဲ့ကြောင်း သိရသည်။

မောင်ကျော်ဦးမြင့်တို့၏ မိသားစုမှာ နွမ်းပါးသည့်လက်လုပ်လက်စားများဖြစ်ပြီး ဆေးကုသစရိတ်လိုအပ်လျက်ရှိကြောင်း သိရသည်။

ဆက်စပ် သတင်းများ