တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

စစ်တွေကမ်းခြေတွင် မွတ်ဆလင်အမျိုးသမီးအလောင်းနှစ်လောင်းအပြင် မွတ်ဆလင်အမျိုးသား ၈ ဦးကို အသက်ရှင်လျက်သောင်တင်တွေ့ရှိ၊ ကျန် ၅၀ ဦးခန့် ပျောက်ဆုံးနေဟုဆို


  • ရေးသူ: Web Master (NN 23)
  • | ရက်စွဲ: ၀၈ သြဂုတ် ၂၀၂၃
  • | ကြည့်ရှုသူ: 1.1k

ရခိုင်ပြည်နယ်၊ စစ်တွေကမ်းခြေတွင် မွတ်ဆလင် အမျိုးသမီးနှစ်ဦး အလောင်းအပြင် နောက်ထပ် မွတ်ဆလင် အမျိုးသား ၈ ဦးကို အသက်ရှင် သောင်တင်တွေ့ရှိခဲ့ပြီး ကျန် ၅၀ ဦးခန့်မှာ ပျောက်ဆုံးကြောင်း သတင်းရရှိသည်။

အသက်ရှင်လျက် မွတ်ဆလင်အမျိုးသား ၈ ဦးနှင့် ရေနစ်သေဆုံးနေသည့် မွတ်ဆလင်အမျိုးသမီး ၂ ဦးအား သြဂုတ်လ ၇ ရက်၊ ညနေ ၄ နာရီခန့်က စစ်တွေမြို့၊ ဘာဆာရာကျေးရွာ အနီး ပင်လယ်ကမ်းခြေတွင်တွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု ရခိုင်ပြည်နယ်စစ်ကောင်စီ၏ ရခိုင်နေ့စဥ်သတင်းတွင် ဖော်ပြထားသည်။

ရသေ့တောင်မြို့နယ် အနောက်ပြင် မွတ်ဆလင်ကျေးရွာမှ လူပေါင်း ၅၀ ကျော်ခန့်သည်  မလေးရှားသို့ သွားရန် စက်လှေဖြင့် ထွက်ခွာလာကြစဉ် စစ်တွေအနီး ပင်လယ်ပြင်တွင် လှိုင်းကြီးပြီး စက်လှေ နစ်မြုပ်သွားခဲ့သည်ဟု အသင်ရှင်လျက် တွေ့ရှိသူများကို ကိုးကားပြီး ၎င်းသတင်းတွင် ဖော်ပြထားသည်။

" သူတို့ မလေးရှားသို့ သွားရောက်ရန် ဩဂုတ် ၆ ရက် ညနေပိုင်းက ရသေ့တောင်မြို့နယ်၊ အနောက်ပြင်မှနေ၍ စက်လှေဖြင့် ထွက်လာခဲ့ကြသူများဖြစ်ကြကြောင်း၊  စစ်တွေမြို့၊ ပွိုင့်ကမ်းခြေအနီး လှိုင်းဒဏ်ကြောင့် စက်လှေတိမ်းမှောက်ပျက်စီးသွားခဲ့ကြောင်း၊  နစ်သွားတဲ့ စက် လှေပေါ်မှာ  လူ ၅၀ ကျော်ပါလာသည်ဟု ကနဦးသတင်းရရှိရကြောင်း ရခိုင်နေ့စဉ်တွင် ဖော်ပြထားသည်။

ကျန်လူပေါင်း ၅၀ ခန့်နှင့်ပတ်သက်ပြီး သီးခြားအတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပါ။ 

အလောင်းများအား သွား​ရောက်သယ်ဆောင်ခဲ့သည့် ရွှေရောင်မေတ္တာ ဖောင်ဒေးရှင်းမှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုသာဂီဖြိုးက တွေ့ရှိခဲ့သည့် အမျိုးသမီးနှစ်ဦး အလောင်းတွင် တစ်ဦးမှာ အသက် (၂၀)ကျော်ဝန်းကျင်ရှိပြီး နောက်တစ်ဦးမှာ (၃၀) ကျော်ခန့်ရှိနိုင်ကြောင်း နိရဥ္စရာသို့ ပြောသည်။

အဆိုပါအမျိုးသမီးနှစ်ဦးတွင် ပြင်ပဒဏ်ရာ ရရှိထားမှုတစ်စုံတစ်ရာမရှိကြောင်း၊ လက်ရှိတွင် အမျိုးသမီးနှစ်ဦး၏အလောင်းများအား စစ်တွေဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း ၎င်းက ဆက်ပြောဆိုသည်။

ဓာတ်ပုံ - ရွှေရောင်မေတ္တာဖောင်ဒေးရှင်း

ဆက်စပ် သတင်းများ