- Web Master
- ၀၉ အောက်တိုဘာ ၂၀၂၄
ရန်ကုန်မြို့တွင် ဇန်နဝါရီ ၆ ရက် ညနေ ၄ နာရီခွဲလောက်က တိုက်အမိုးတစ်ခုပေါ်တွင် လင်းတငှက် အကောင် ၅၀ ကျော် လာရောက်နားခဲ့ရာ ယင်းသို့ လာရောက်နားသည်မှာ နိမိတ်မကောင်းဟုဆိုကာ လူတချို့က ရိုက်သတ်လိုက်၍ ၃ ကောင်သေဆုံးသွားကြောင်း သတင်းရရှိသည်။
ထိုကဲ့သို့ သေဆုံးသွားကြောင်းကို Responsible Animal Keeping လူမှုကွန်ယက်စာမျက်နာပေါ်တွင် ရေးသားဖော်ပြထားသည်။
“ ဒါက ကျွန်တော်တို့ မြန်မာနိုင်ငံကို တရုတ်၊ တိဘတ်၊ ဟိမဝန္တာ၊ မွန်ဂိုလီယား၊ အိန္ဒိယ ဘက်ကနေ အလည်လာပြီး ဆောင်းခိုကြတဲ့ ကောင်တွေပါ။ စိတ်မကောင်းစရာက ဒါကို နိမိတ်မကောင်းဘူးတို့ ဘာတို့နဲ့ အတွေးမှားတွေကြောင့် ရိုက်သတ်လိုက်ကြတာ ၃ ကောင်သေပြီလို့သိရပါတယ်”.ဟု ဖော်ပြထားသည်။
ယင်းနောက် ၎င်းငှက်အုပ် အကောင်ရေ ၅၀ ကျော်မှာ အုပ်စုကွဲပြီး ပျံသွားကြသည်ဟု ဆိုသည်။
အဆိုပါ သတင်းအား DVB က သတင်းဖော်ပြရာ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ရတနာနှင်းဆီအိမ်ရာ တိုက်အမိုးပေါ်မှာ ဇန်နဝါရီ ၆ ရက် ညနေ ၄ နာရီခွဲလောက်က ဆောင်းခိုလင်းတငှက်အကောင် ၅၀ ကျော် လာရောက်နားခဲ့ရာ လေးဂွဖြင့် ပစ်ခတ်ခံရပြီး ၃ ကောင်သေဆုံးသွားကြောင်း သတင်းရရှိသည်ဟု ဖော်ပြထားသည်။
အိမ်ရာ နေထိုင်သူများက လာနားနေသည့် လင်းတငှက်များကို မောင်းထုတ်ခိုင်းသောကြောင့် လုံခြုံရေးအစောင့်များက ညနေ ၆ နာရီကျော်လောက်တွင် လေးခွနှင့် ပစ်ခတ် ခြောက်လှန့်ခဲ့ကြပြီး ပျံပြေးလာသည့် လင်းတများကို ရပ်ကွက်နေသူတချို့က ထပ်မံ ရိုက်နှက်ခဲ့ကြသည်ဟု ဖော်ပြထားသည်။
(ဓာတ်ပုံ- Responsible Animal Keeping )