စနေ၊ ဇူလိုင်လ ၂၇ရက်၊ ၂၀၂၄

စစ်တွေတွင် စစ်ကောင်စီတပ်ကဖမ်းသွားသည့် ရဟန်းတော်တစ်ပါး လူဝတ်လဲကာ ပုဒ်မ ၅၀၅ (ခ) ဖြင့် အမှုဖွင့်ခံရပြီး ကျန်အဖမ်းခံထားရသူ ၂၈ ဦး ဒဏ်ငွေဆောင်ပြီး ပြန်လွတ်လာ


  • ရေးသူ: Web Master (NN 08)
  • | ရက်စွဲ: ၂၃ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 2.5k

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ သုသာန်အနီးရှိ တေဇာရာမဘုန်းကြီးကျောင်းမှ နိုဝင်ဘာ ၂၁ ရက်၊ ညအချိန်တွင် ဖမ်းဆီးခံခဲ့ရသည့် ရဟန်းတော်တစ်ပါးကို စစ်ကောင်စီက အတင်းဓမ္မ လူဝတ်လဲကာ ပုဒ်မ ၅၀၅ (ခ)ဖြင့် အမှုဖွင့်လိုက်ပြီး ကျန် ၂၈ ဦးကို ဧည့်စာရင်းမတိုင်ဟုဆိုကာ ဒဏ်ငွေဆောင်ပြီး ပြန်လွတ်ပေးလိုက်ကြောင်း သိရသည်။

အသက် ၃၀ ကျော်အရွယ် ကျောက်တော်မြို့နယ်ဇာတိ ရဟန်းတော် အရှင်ကောဝိတကို ယမန်နေ့ နိုဝင်ဘာလ ၂၂ ရက်တွင် စစ်တွေ အမှတ်(၁)ရဲစခန်း၌ စစ်ကောင်စီက အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

ထို့နောက် ယနေ့နိုဝင်ဘာ ၂၃ ရက်တွင် စစ်တွေမြို့နယ်တရားရုံး၌ ရုံးထုတ်ခဲ့ကြောင်း နီးစပ်သူတစ်ဦးက နိရဉ္စရာသို့ပြောသည်။

"ဦးပဇင်းတစ်ပါးကိုတော့ သင်္ကန်းချွတ်ပြီး ပုဒ်မ ၅၀၅ (ခ)နဲ့ ဖမ်းထားလိုက်သေးတယ်။ သူက ကျောက်တော်ကပါ။ သူ့ဖုန်းထဲမှာ သတိပဋ္ဌာန်ကျောင်းကို စစ်သားတွေ ဝိုင်းတာတွေ တင်ထားတာရှိတယ်။ ဒါကြောင့် သူ့ကို ပုဒ်မတပ်ပြီးတရားစွဲလိုက်တာ" ဟုပြောသည်။

လက်ရှိတွင် အဆိုပါရဟန်းတော်ကို မည်သည့်နေရာ၌ ထိန်းသိမ်းထားသည်ကို တိကျစွာမသိရှိရသေးကြောင်း ၎င်းနီးစပ်သူက ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၂၁ ရက်၊ ညဉ့် ၁၀ နာရီခန့်တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များက စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်ရှိ သုသာန်အနီး တေဇာရာမ(သရက်တော) ဘုန်းကြီးကျောင်းမှ ရဟန်းတော်တစ်ပါး၊ စစ်ဘေးရှောင် ၁၉ ဦး၊ ပတ္တမြားဘုန်းကြီးကျောင်းတိုက်မှ ဒေသခံ ၂ ဦးနှင့် ရွာသာယာကျေးရွာမှ ဒေသခံ ၃ ဦးတို့ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ထို့အပြင် သတိပဋ္ဌာန်ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်သားများက ခြံနံရံကိုကျော်ပြီး ဝင်ရောက်စစ်ဆေးရာတွင် ဒေသခံ ၄ ဦး ကြောက်လန့်ကာ ထွက်ပြေးရာ ပစ်ခတ်မှု ဖြစ်ပွားခဲ့သော်လည်း ဒေသခံများမှာ လွတ်မြောက်သွားခဲ့သည်။

အဆိုပါ ထွက်ပြေးသွားသည့် ဒေသခံ ၄ ဦးကိုလည်း စစ်ကောင်စီက ၎င်းတို့ထံ ပို့ပေးလာရမည်ဟု ခြိမ်းခြောက်ခဲ့သဖြင့် ယမန်နေ့တွင် ၎င်းတို့လေးဦးလည်း စစ်ကောင်စီထံအဖမ်းခံလိုက်ရသည်။

အဆိုပါဒေသခံ ၄ ဦးအပါအဝင် နိုဝင်ဘာ ၂၁ ရက်၊ ညဥ့်တွင် ဖမ်းဆီးခံခဲ့ရသည့် ဒေသခံ ၂၄ ဦးတို့ကို စစ်ကောင်စီက ယနေ့တွင် စစ်တွေမြို့နယ်တရားရုံး၌ ရုံးထုတ်ခဲ့ပြီး ဧည့်စာရင်းတိုင်ကြားရန် ပျက်ကွက်သည်ဟုဆိုကာ ဧည့်စာရင်းဥပဒေအရ ဒဏ်ငွေငါးထောင်ဆောင်ခဲ့ရပြီး ပြန်လွတ်မြောက်လာခဲ့သည်ဟု နီးစပ်သူများက ပြောသည်။

၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းပြီးနောက် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဧည့်စာရင်းဥပဒေကို ပြန်လည်ပြင်ဆင်ထုတ်ပြန်ခဲ့သည်။

ယင်းဥပဒေတွင် ဧည့်စာရင်းတိုင်ကြားရန်ပျက်ကွက်ပါက ကျပ်ငွေ ၁၀၀၀၀ ထက်မပိုသော ဒဏ်ငွေကို ပေးဆောင်ရမည်ဖြစ်ပြီး ပေးဆောင်ရန်ပျက်ကွက်ပါက ထောင်ဒဏ် ခုနှစ်ရက်ထက်မပိုသော ပြစ်ဒဏ်ကို သက်ဆိုင်ရာတရားရုံးက ချက်မှတ်ရမည်ဟု သတ်မှတ်ခဲ့သည်။

စစ်တွေမြို့တွင် နိုဝင်ဘာလ ၁၇ ရက်ကလည်း ကန်တော်ကြီးရပ်ကွက်မှ သားအဖနှစ်ဦးကို စစ်ကောင်စီက ဒေသခံများအားဖမ်းဆီးနေသည့် ဗီဒီယိုဖိုင်အား ရိုက်ကူးသည်ဟုဆိုကာ ၎င်းတို့၏နေအိမ်မှ စစ်ကောင်စီတပ်သားများက လာရောက်ဖမ်းဆီးသွားခဲ့သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၅ ရက်က၊ စစ်ကား ၄ စီးစာအင်အားရှိသော စစ်ကောင်စီတပ်သားများသည် မင်းဂံရပ်ကွက်နှင့် ကန်တော်ကြီးရပ်ကွက်ရှိ ဒေသခံဆယ်ဦးထက်မနည်းကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ၎င်းတို့အနက် တစ်ချို့တဝက်မှာလည်း ပြန်လည်လွတ်မြောက်လာပြီး တချို့မှာလည်း ဖမ်းဆီးခံထားရဆဲဖြစ်ကြောင်း သိရသည်။ (NN-8)

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!