စနေ၊ စက်တင်ဘာလ ၂၈ရက်၊ ၂၀၂၄

လားရှိုးမြို့ တိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်လိုက်မှုအပေါ် တရုတ်ဘာပြောသလဲ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 9.7k

နိရဉ္စရာ၊ ဇူလိုင် ၂၆/ ၂၀၂၄

တရုတ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ မြောက်ပိုင်းရှိ အခြေအနေကို အနီးကပ်စောင့်ကြည့်နေကြောင်း တရုတ်ကသတိပေး ပြောကြားလိုက်သည်။

ဇူလိုင် ၂၅ ရက်က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ Mao Ning အား  ရိုက်တာသတင်းဌာနက  မေးမြန်းခဲ့မှုအပေါ်သူမက ထိုသို့ တုံ့ပြန် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ရိုက်တာသတင်းဌာန သတင်းထောက် တစ်ဦးက တရုတ်နယ်စပ်နှင့် နီးကပ် သည့် လားရှိုးမြို့ရှိ တိုင်းစစ်ဌာနချုပ်ကို တိုင်းရင်းသား လက်နက်ကိုက် အဖွဲ့တစ်ခုက သိမ်းပိုက်လိုက်မှုနှင့် နယ်စပ်အနီးတိုက်ပွဲများ ဖြစ်ပွားနေမှုအပေါ် တရုတ်နိုင်ငံက မည်ကဲ့သို့ မှတ်ချက်ပြုလိုပါသနည်းဟု မေးမြန်းခဲ့သည်။

တရုတ်နိုင်ငံသည်မြန်မာနိုင်ငံ(ရှမ်းပြည်နယ်) မြောက်ပိုင်းရှိ အခြေအနေကို အနီးကပ် စောင့်ကြည့်နေကြောင်း၊ အထူးသဖြင့် တရုတ်နိုင်ငံ၏ လုံခြုံရေးကို ထိခိုက်မှု မရှိစေရေး၊ နယ်စပ်ဒေသတွင် နေထိုင်ကြသည့် ပြည်သူများ ဘေးကင်းရေး၊ မြန်မာနိုင်ငံရှိ တရုတ်စီမံကိန်းများ၊ စီးပွားရေးလုပ်ငန်းများတွင် လုပ်ကိုင်နေကြသည့်တရုတ်နိုင်ငံသားများ၊ ထိခိုက်မှု မရှိအောင် သတိထား လုပ်ဆောင်ရေးတို့ဖြစ်ကြောင်း  Mao Ning က ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ အဖွဲ့အစည်းများ အနေဖြင့် တွေ့ဆုံဆွေးနွေး ညှိနှိုင်း ပြီး အဖြေရှာကြရန်နှင့် ရန်လိုမှုများ အမြန်ဆုံး ရပ်တန့်ရန်၊ အငြင်းပွားမှုများကို ငြိမ်းချမ်းသော နည်းလမ်းဖြင့် ဖြေရှင်းကြရန် ၄င်းကတိုက်တွန်းပြောဆိုခဲ့သည်။

တရုတ်နိုင်ငံသည် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးပွဲများကို ဆက်လက်မြှင့်တင်ပြီး မြန်မာနိုင်ငံ မြောက်ပိုင်းတွင် အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အရှိန်အဟုန်ကို ထိန်းသိမ်းထားရန် ဆက်လက်တွန်းအားပေးသွားမည်ဖြစ်ကြောင်း ၄င်းကထပ်လောင်းပြောဆိုခဲ့သည်။


Source/
တရုတ်နိုင်ငံခြားရေး၀န်ကြီးဌာန

ဆက်စပ် သတင်းများ