တနင်္ဂနွေ၊ စက်တင်ဘာလ ၈ရက်၊ ၂၀၂၄

AA ၏ မောင်တောမြို့သိမ်းတိုက်ပွဲကို စစ်ကောင်စီက နောက်ဆုံးအဆင့် လေကြောင်းမှနေ၍ အကြီးအကျယ်ခုခံကာကွယ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 2.4k

နောင်မင်းသူ၊ နိရဉ္စရာ၊ ဇွန် ၂၂ ရက်/၂၀၂၄

အာရက္ခတပ်တော် (AA) ၏ မောင်တောမြို့သိမ်းတိုက်ပွဲ ထိုးစစ်ကို စစ်ကောင်စီမှ နောက်ဆုံးအဆင့် အနေဖြင့် လေကြောင်းမှနေ၍ အကြီး အကျယ် ခုခံ ကာကွယ် တိုက်ခိုက်လျှက် ရှိနေကြောင်း မောင်တောဒေသခံများထံမှသိရသည်။

မောင်တောဒေသခံ တစ်ဦးက "အေအေ ထိုးစစ်ဆင်နေတဲ့ မောင်တောမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီ တပ်‌သားတွေ အများအပြား အထိနာ‌နေတယ်လို့ သိရတယ်။ အခု စစ်တပ်က မြို့ပြင်ကနေ  နောက်ဆုတ်လာတာ မြို့ထဲအထိ ရောက်လာပြီ။  စစ်တပ်က လေကြောင်းအကြီးအကျယ် သုံးပြီး ကာကွယ်နေတယ်။ လေယာဉ်သံတွေ၊ ဗုံးချသံတွေ၊ လက်နက်ကြီးသံတွေ အဆက်မပြတ် ကြားနေရတယ်။ နတ်မြစ်၀က  ရေတပ်ကလည်း ပစ်ကူပေးနေရတယ်လို့တော့ သိရတယ်။ တကယ့်ကို ထိတ်လန့် စိုးရိမ်စရာ ကောင်းတဲ့ တိုက်ပွဲပါ”  ဟု  ပြောကြားသည်။

စစ်ကောင်စီသည် လေကြောင်းမှ ဇွန်လ ၂၁ ရက်နေ့တွင် နှစ်ကြိမ်၊ ယနေ့ ဇွန်လ ၂၂ နံနက်ပိုင်းက  ၃ ကြိမ်၊ ယနေ့ ညနေ ၆ နာရီတွင် ၂ ကြိမ်  မောင်တောမြို့ ကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ၎င်းဆိုသည်။

ဇွန်လ ၂၁ ရက် ညနေ ၃ နာရီ ၂၀ မိနစ်အချိန်တွင်စစ်‌ကောင်စီတပ်များ နှင့် အေအေတို့ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်နေကြသည့် ကညင်တန်း BAJ ရုံးအနီးသို့စစ်‌ကောင်စီလေကြောင်းမှ ဗုံးချတိုက် ခိုက်ခဲ့သည်ဟု သိရသည်။


ထို့အတူ ဇွန်လ ၂၁ ရက် ညနေ ၃ နာရီ ၂၀ မိနစ်အချိန်တွင်လည်း ဟာဘီ(မွတ်ဆလင်)ကျေးရွာ နှင့် ၄ မိုင်နခခ(၂) အနီးရှိ‌ လေးမိုင်ရပ်ကွက်၊ သာယာကုန်း‌ ကျေးရွာများသို့ စစ်ကောင်စီမှ ဂျက်တိုက်လေယာဉ် များဖြင့် ဗုံးလာကြဲချခဲ့သောကြောင့် ဒေသခံများ‌ သေဆုံးဒဏ်ရာရရှိမူများရှိ‌ခဲ့‌သည်ဟု ဒေသခံ ဟိန္ဒူ လူမျိုးများက ပြောဆိုသည်။

ဇွန်လ ၂၂  နံနက် အစောကြီး ညဉ့်  ၂ နာရီ ၁၀ မိနစ် တွင်လည်း မြို့မကညင်တန်းရပ်ကွက်ရှိ BAJ ရုံးအနီး နှင့် ညောင်ချောင်၊ ပန်းတောပြင်၊ အမှတ်(၂)ရပ်ကွက်(မွတ်ဆလင်)ရပ်ကွက်ကျေးရွာအနီးများသို့ လေ‌ကြောင်း မှ ၃ ကြိမ် ဗုံးချခုခံခဲ့ကြပြီး ယခုဇွန်လ ၂၂ ရက် ညနေ ၆ နာရီတွင်BAJ ရုံးအနီးသို့ လေကြောင်းမှ ၂ ကြိမ်ဗုံးကြဲချခဲ့ကြသည်။

AA ထိုးစစ်ဆင်တိုက်ခိုက်နေသည့် မောင်တောမြို့သိမ်းတိုက်ပွဲမှာ ပြင်းထန်နေပြီး  မောင်တော ၄ မိုင် နခခ(၂) ၊ မြို့သူကြီးရပ်ကွက်ရှိ နခခ(၅) အား အာရက္ခတပ်တော်မှ ဝိုင်းရံပိတ်ဆို့ကာ ထိုးစစ်ဆင် တိုက်ခိုက်ပြီး သိမ်းပိုက်လိုက်ပြီဖြစ်သည်ဟု သတင်းများ ထွက်ပေါ် နေသော်လည်း အခြေအနေမှန်ကို မသိရသေးဟု ဆိုသည်။

မောင်တော နခခ(၅) နှင့် နခခ (၂) အနီးပတ်ဝန်းကျင်မှ လေယာဉ် ဗုံးကြဲသံများ၊ လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်သံများကို ကြားနေရပြီး အခြေအနေ ရှုပ်ထွေးနေ၍ အဆိုပါ နယ်ခြားစောင့် စခန်းကြီး ၂ခု အခြေအနေမှန်ကို  မသိရသေးဟု ၎င်းက ပြောကြားသည်။

ဆက်စပ် သတင်းများ