တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

တိုက်ပွဲပြင်းထန်နေသည့် မင်းပြားမြို့တွင် လူနေရပ်ကွက်များကို လေယာဉ်ဖြင့် ဗုံးကြဲချ၍ အမျိုးသားတစ်ဦးသေဆုံးပြီး အိမ် ၂၀ ကျော်ပျက်စီး


  • ရေးသူ: Web Master (NN 07)
  • | ရက်စွဲ: ၁၉ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 1.2k

ရက္ခိုင့်တပ်တော်( AA)နှင့်  စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲ ပြင်းထန်နေသည့် မင်းပြားမြို့တွင်  လူနေရပ်ကွက်များကို စစ်ကောင်စီ ပေါင် ၅၀၀ ဗုံးများကို ကြဲချသည့်အတွက် အမျိုးသားတစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရကာ လူနေအိမ် အနည်းဆုံး၂၀ ကျော် ပျက်စီးကြောင်း သတင်းရရှိသည်။

ယမန်နေ့ ဇန်နဝါရီလ ၁၈ ရက် မွန်းလွဲ ၁၁ နာရီကျော်ခန့်တွင် စစ်ကောင်စီတပ်က မင်းပြားမြို့၊ ဦးစိုးတင့်ရပ်ကွက်ကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်သည့်အတွက် အသက် ၃၂ နှစ် အရွယ် ကိုသန်းအောင်သည် နေအိမ်၌ပင် သေဆုံးခဲ့ရပြီး ယင်းရပ်ကွက်မှ နေအိမ် (၂၀) ခန့် ပျက်စီးသွားကြောင်း မြို့ခံတစ်ဦးက ပြောသည်။

"ဦးစိုးတင့်ရပ်ကွက် မြစ်နားတန်းမှာ ဂျက်ဖိုက်တာကနေ ပေါင် ၅၀၀ ဗုံးနဲ့ ပစ်ခဲ့တာပါ။ အိမ် ၂၀ လောက် ပျက်စီးသွားတယ်။ လူတစ်ယောက်လည်း သေသွားပါတယ်" ဟု ပြောသည်။



ယင်းအပြင် ယမန်နေ့ နေ့လယ် ၂ နာရီခွဲအချိန်တွင် ရဟတ်ယာဉ်ဖြင့် ထပ်မံဗုံးလာကြဲစဉ်သဲတန်းရပ်ကွက်တွင် ပေါင် ၅၀၀ ဗုံးကျရောက်ကာ အသက် (၅၀) ခန့်အရွယ် အမျိုးသားတစ်ဦး ဒဏ်ရာရရှိပြီး နေအိမ်များလည်း ပျက်စီးသွားကြောင်း နောက်ထပ်ဒေသခံတစ်ဦးက ပြောသည်။

"မနေ့က နှစ်နာရီခွဲလောက်မှာထင်တယ်။ သဲတန်းရွာ KTV နားဘက်မှာလည်း အိမ်တွေပျက်ပါတယ်။ အမျိုးသား တစ်ယောက်လည်း ဒဏ်ရာရပါတယ် "ဟု ပြောသည်။

စစ်ကောင်စီတပ်သည် ယနေ့ ဇန်နဝါရီ ၁၉ ရက်တွင်လည်း အထိနာနေသည့် မင်းပြားမြို့ အခြေစိုက် တပ်ရင်းများ မကျဆုံးစေရေး လေကြောင်းကို အဓိကသုံးကာ ခုခံတိုက်ခိုက်လျက်ရှိကြောင်း မြို့ခံများက ပြောသည်။

သို့သော် စစ်ပွဲနှင့် မသက်ဆိုင်သည့် မြို့ပေါ် ရပ်ကွက်များကိုလည်း ပေါင် ၅၀၀ ဗုံးများသုံးကာ ပစ်ခတ်သည့်အတွက် လူထိခိုက်သေဆုံးမှုများ၊ နေအိမ်အဆောက်အအုံ ပျက်စီးမှုများ နေ့စဥ်ရှိနေကြောင်းလည်း သိရသည်။

ဇန်နဝါရီလ ၁၀ ရက်မှစတင်ကာ မင်းပြားမြို့ပေါ်အခြေစိုက် စစ်ကောင်စီတပ်ရင်းများဖြစ်သည့် ခမရ  (၃၇၉) ၊ (၃၈၀)၊ (၅၄၁)  တပ်ရင်းများနှင့် ကျိန်းတောင်ပေါ် တပ်စွဲထားသည့် တပ်စခန်းတို့ကို ရက္ခိုင့်တပ်တော် (AA) က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး (၃၇၉) ၊ (၃၈၀)တို့ကို သိမ်းပိုက်ထားပြီး ဖြစ်ကာ  ကျန်ရှိနေသေးသည့် (၅၄၁) တပ်ရင်းကို ယနေ့ ဇန်နဝါရီလ ၁၉ ရက်အထိ ထိုးစစ်ဆင် တိုက်ခိုက် နေသည့် အတွက်  တိုက်ပွဲ များ ပြင်းထန်လျက်ရှိသည်။ (NN-7)

ဆက်စပ် သတင်းများ