တနင်္ဂနွေ၊ စက်တင်ဘာလ ၈ရက်၊ ၂၀၂၄

စစ်တွေ ဆတ်ရိုးကျရပ်ကွက်တွင် လူလေးဦး သတ်ဖြတ်ခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 2.1k

သဥ္ဇာနွယ်

နိရဥ္စရာ၊ မေ ၃၀/ ၂၀၂၄

ရခိုင်ပြည်၊ စစ်တွေမြို့၊ ဆတ်ရိုးကျရပ်ကွက်(ယခင်ဗျိုင်းဖြူရွာ)တွင် ယမန်နေ့ မေလ(၂၉)ရက် ညက လူလေးဦး သတ်ဖြတ်ခံရကြောင်း သတင်းရရှိသည်။

မေလ ၂၉ ရက်နေ့ ည က စစ်ကောင်စီတပ်သားများသည် ရွာထဲသို့ဝင်ရောက်လာပြီး ရွာသားများကို ရွာပြင်ကိုထုတ်ကာ စစ်ဆေးမှုပြုလုပ်စဉ် ၄င်းတို့ လေးဦးမှာ သတ်ဖြတ်ခံရခြင်းဖြစ်သည်ဟု စစ်တွေမြို့နယ်မှဒေသခံအမျိုးသားတစ်ဦးက နိရဥ္စရာကို ပြောသည်။

သတ်ဖြတ်ခံရသူများမှာ ဆတ်ရိုးကျရပ်ကွက်မှ ဦးကုလားမောင်၊ ဦးကျော်သိန်း၊ ဦးကျော်လှနှင့် ဦးကျော်ဝင်းတို့ဖြစ်ကြောင်း သိရှိရသည်။ 

“ မနေ့က စစ်တပ်က  တစ်ရွာလုံးကို ဝင်မွှေတယ်။ အေအေ နဲ့ ဆက်စပ်မှု ရှိမရှိ  စစ်ဆေးမေးမြန်းပြီး သူတို့သံသယရှိတဲ့သူကို ရိုက်နှက်ပြီးတော့ အခုလို ရွာသား လေးဦးကို သတ်လိုက်တာပါ။ သူတို့လေးယောက်လုံးသေသွားပါပြီ” ဟု စစ်တွေမြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် ယနေ့တွင်  ဆတ်ရိုးကျရပ်ကွက်မှ အမျိုးသားနှင့်အမျိုးသမီးအချို့ကို ကြိုးဖြင့်ချည်နှောင်ပြီး ရွာ၏သုဿန်အနီးတွင် ထားကြောင်း စစ်တွေမြို့ခံ ဒေသခံအမျိုးသားတစ်ဦးက နိရဥ္စရာ သတင်းဌာန ကိုပြောသည်။

“ ဗျိုင်းဖြူရွာက စိုးရိမ်ရတဲ့အနေအထားမှာရှိတယ်။ ဒီနေ့မနက် ရွာသားတွေ၊ ယောကျ်ား၊မိန်းမတွေလည်းပါတယ်။ ကြိုးနဲ့ချည်ပြီး သင်္ချိုင်းနားမှာ ထား ထားတယ်” ဟုပြောသည်။

စစ်တွေတွင် စစ်ကောင်စီက ဒေသခံပြည်သူများကို ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများ စိပ်လာသဖြင့် မြို့တွင်ကျန်ရှိနေသေးသည့် ပြည်သူများမှာ အသက်အန္တရာယ် စိုးရိမ်နေရသည့် အခြေအနေနှင့် ရင်ဆိုင်နေကြရသည်ဟု စစ်တွေမြို့ခံတစ်ဦးက နိရဥ္စရာ သတင်းဌာန ကိုပြောသည်။

“ တိုက်ပွဲစတင်ကတည်းက ဒေသခံတွေကို မတရားဖမ်းတာ။ အခုနောက်ပိုင်း စစ်တွေက ပိုတင်းကျပ်လာတယ်။ ကျနော်တို့ ကြားရသလောက် စစ်တွေကို ပြည်နယ်ဝန်ကြီးချုပ်တို့ ဘာတို့ ဘာအာဏာမှ မရှိတော့ဘူး။စစ်တပ်ကပဲ ဖိနေတာမြင်တယ်။  အခြေအနေတွေက ဆိုးရွားလာလို့ မြို့နဲ့ နီးစပ်တဲ့ကျေးရွာတွေကလည်းအရမ်းကြောက်လန့်နေရတယ်။ ပြေးစရာထွက်ပေါက်က ရန်ကုန်ပဲရှိတော့တယ်” ဟုပြောသည်။

အဆိုပါ ဆတ်ရိုးကျရွာသားများကို အာရက္ခတပ်တော်(AA)နှင့် ဆက်စပ်မှုများရှိသည်ဟု စွပ်စွဲချက်ဖြင့်နေအိမ်များပေါ်မှ လူများကို ဆွဲထုတ်ကာ လမ်းမပေါ်တွင် ဒူးထောက်ခိုင်းထားကြောင်း အဆိုပါကျေးရွာအနီးအနားနေသူများက နိရဉ္စရာအားပြောသည်။

လက်ရှိတွင် ကျေးရွာသားတချို့မှာ နီးစပ်ရာဆွေမျိုးများရှိရာ မြို့နယ်များသို့ ရာနဲ့ချီ၍ ထွက်ပြေးနေကြကြောင်း သိရသည်။


ဆက်စပ် သတင်းများ