အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

စက်သုံးဆီစျေး အဆမတန်မြင့်တက်နေ၍ ရခိုင်မှ လူမှုကူညီရေးအဖွဲ့များ လုပ်ငန်းများဆောင်ရွက်ရန် အခက်အခဲဖြစ်နေ


  • ရေးသူ: Web Master (NN 13)
  • | ရက်စွဲ: ၀၅ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 905

ရခိုင်ပြည်နယ်တွင် စက်သုံးဆီစျေးများသည် ယခုနောက်ပိုင်း သိသိသာသာမြင့်တက်လာနေသည့် အတွက် လူမှုကူညီရေးအဖွဲ့များတွင် အကြွေးများဖြင့် ပတ်လည်ဝိုင်းနေပြီး လုပ်ငန်းများ ဖော်ဆောင်ရန် အခက်အခဲဖြစ်နေရသည်ဟု သတင်းရရှိသည်။

စက်သုံးဆီစျေးနှုန်းများ တရိပ်ရိပ်တက်လာနေခြင်းကြောင့် စက်သုံးဆီအသုံးပြု၍ လူမှုကူညီရေးများ အခမဲ့ဆောင်ရွက်နေရသည့် ရခိုင်မှ လူမှုအဖွဲ့များတွင် စက်သုံးဆီဖိုးကုန်ကျငွေများအတွက် အဖွဲ့၏ ဘတ်ဂျက်ငွေဖြင့် မဖူလုံဖြစ်နေကြရပြီး အကြွေးများပင် တင်နေပြီဟု စစ်တွေမှ ရွှေရောင်မေတ္တာ ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးမင်းထည်ဝါက နိရဥ္စရာကို ပြောသည်။

"ကျွန်တော်တို့က ဘယ်ကပဲခေါ်ခေါ်သွားတာဖြစ်တဲ့အတွက် အခက်အခဲကအများကြီးပါ။ အဓိကတော့ ဆီဖိုးပေါ့။ လူနာရှင်တွေက အလှူငွေပေးရင်လည်း လက်မခံဘူး။ သက်သက်အပြင်က စေတနာရှင်တွေက ထည့်မှသာ လက်ခံတာပါ။ လူနာလမ်းကြောင်း အကုန်လုံးကို ပိုက်ဆံမယူဘူး။ အခု လက်ရှိဆီဈေးမြင့်နေတော့ ငွေကြေးက လိုက်မမီနိုင်ဘူး" ဟု ပြောသည်။

ရွှေရောင်မေတ္တာဖောင်ဒေးရှင်းအနေဖြင့် လူနာလမ်းကြောင်းပြေးဆွဲရာတွင် ပုံမှန်အားဖြင့် တစ်လတွင် စက်သုံးဆီဖိုး ကျပ်သိန်း ၅၀ ကျော်ခန့် ကုန်ကျနေသည်ဟု ဆိုသည်။

အလားတူ စစ်တွေရှိ မေတ္တာရောင်ခြည်ဖောင်ဒေးရှင်းတွင်လည်း စက်သုံးဆီအတွက် ကုန်ကျငွေ ပို၍များပြားနေသည့်အတွက် လူမှုကူညီရေးလုပ်ဆောင်ရန် အခက်အခဲဖြစ်လာနေရသည်ဟု အဆိုပါဖောင်ဒေးရှင်း၏ ဒုဥက္ကဋ္ဌဖြစ်သူ ကိုသားချေက နိရဥ္စရာကိုပြောသည်။

"ကျွန်တော်တို့ လူနာပို့ဆောင်ရေးတွေမှာဆိုရင် သူတို့ရဲ့အခက်အခဲတွေလည်း ပိုများတဲ့အခါကျတော့ ကျွန်တော်တို့ ဘတ်ဂျက်ငွေနဲ့ပဲ အကုန်စိုက်ပေးပါတယ်။ သွားရင်းသွားရင်းနဲ့ လမ်းမှာဆီပြတ်မလို ဖြစ်တာမျိုးတွေ။ ဟိုက်ဝေးလမ်းတွေမှာ ဆီက အလွန်တရာသုံးရတယ်" ဟုပြောသည်။



မေတ္တာရောင်ခြည်ဖောင်ဒေးရှင်အနေဖြင့် လူနာလမ်းကြောင်းပြေးဆွဲရာတွင် ပုံမှန်အားဖြင့် တစ်လတွင် စက်သုံးဆီဖိုး ကျပ်သိန်း ၂၀ ခန့် ကုန်ကျနေသည်ဟု ဆိုသည်။

ထိုကုန်ကျငွေများကို အလှူရှင်များ၏ ငွေကြေးဖြင့် သုံးစွဲနေကြသော်လည်း လက်ရှိတွင် စက်သုံးဆီ စျေးမြင့်တက်နေသည့်အတွက် လောက်ငမှုမရှိတော့၍ ငွေချေးငှားပြီး ဖြေရှင်းနေရသလို မိမိအိတ်မှ စိုက်ထုတ်ရသည့်အခြေအနေမျိုး ဖြစ်နေရသည်ဟု ကိုသားချေက ပြောသည်။

ပုဏ္ဏားကျွန်းမြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးလူငယ်အသင်း (PDYO)မှ တာဝန်ရှိသူတစ်ဦးကလည်း "ဆီဖိုးထည့်ရတာက ကြီးမားတဲ့အခက်အခဲပေါ့။ ရန်ပုံငွေနဲ့ ဖူလုံတာရှိသလို မဖူလုံတာလည်းရှိပါတယ်။ အဆင်မပြေတဲ့ လူနာရှင်တွေလည်း ရှိတာကိုး။ ကျွန်တော်တို့ဆီက အိတ်စိုက်ရတာလည်း ရှိပါတယ်" ဟုပြောသည်။

အဆိုပါအသင်းအနေဖြင့် လူနာလမ်းကြောင်းပြေးဆွဲရာတွင် ပုံမှန်အားဖြင့် တစ်လတွင် စက်သုံးဆီဖိုး ကျပ်သိန်း ၁၀ ကျော်ခန့် ကုန်ကျနေသည်ဟု ပြောသည်။

အဆိုပါလူမှုကူညီရေးအဖွဲ့များသည် ရခိုင်ပြည်သူများ၏ ယာဉ်မတော်တဆထိခိုက်မှုများ၊ ကျန်းမာရေးကိစ္စများ၊ လူမှုရေးကိစ္စများနှင့် နာရေးကိစ္စများကို နေ့ညမရွေး အချိန်နှင့်တပြေးညီ အခမဲ့ လိုက်ပါကူညီဆောင်ရွက်ပေးနေကြသည့်အဖွဲ့များဖြစ်ကြသည်။

အဆိုပါအဖွဲ့များသည် ပြည်သူများအတွက် မရှိမဖြစ်လိုအပ်နေသောကြောင့် ယင်းအဖွဲ့များ၏ လက်ရှိကြုံတွေ့နေရသည့် အခက်အခဲများကို ငွေကြေးတတ်နိုင်သည့် စေတနာရှင်များ သိရှိနိုင်စေရန် ပွင့်လင်းမြင်သာစွာ ချပြရန်လိုအပ်ကြောင်းလည်း စစ်တွေမြို့ခံတစ်ဦးက ပြောသည်။

"လစဉ်ကြေးတိုးပြီးကောက်သင့်လည်း ကောက်ရမယ်။ အခု စီးပွားရေးအခြေအနေက မကောင်းကြတော့လေ။ မလောက်ငရင်တော့ ပွင့်လင်းမြင်သာအောင် ချပြရမယ်။ မသိတဲ့သူတွေက ထည့်မြဲတမ်း ထည့်နေကြတာတွေလည်း ရှိတယ်။ အခက်အခဲကို ချပြမှလည်း စေတနာရှိတဲ့လူတွေက ပိုတိုးပြီးထည့်ပေးနိုင်မှာပေါ့" ဟုပြောသည်။

အဆိုပါလူမှုကူညီရေးအဖွဲ့များ ရေရှည်ရပ်တည်နိုင်ရန် စေတနာရှင်များအနေဖြင့် တတ်နိုင်သလောက် ဝိုင်းဝန်းကူညီပေးရန်လည်း ယင်းအဖွဲ့များက တောင်းဆိုထားကြသည်။

စစ်တွေတွင် ယနေ့ အောက်တိုဘာလ ၄ ရက် စက်သုံးဆီစျေးနှုန်းအရ 92 တစ်လီတာလျှင် (၂၁၉၅) ကျပ်၊ 95 တစ်လီတာလျှင် (၂၂၈၅) ကျပ်၊ ပရီမီယမ် တစ်လီတာလျှင် (၂၆၆၀) ကျပ်နှင့် ဒီဇယ်တစ်လီတာလျှင် (၂၆၂၀) ကျပ်ရှိကြောင်း ပြည်နယ်ဆီလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးအောင်ထိုက်က ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၃၁ ရက်တွင် 92 တစ်လီတာလျှင် (၂၄၅၀) ကျပ်၊ 95 တစ်လီတာလျှင် (၂၃၅၀) ကျပ်၊ ပရီမီယမ် တစ်လီတာလျှင် (၂၈၀၀) ကျပ်နှင့် ဒီဇယ် တစ်လီတာလျှင် (၂၇၂၀) ကျပ်ရှိခဲ့ကြောင်း သိရသည်။ (NN - 13)

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!