သောကြာ၊ အောက်တိုဘာလ ၁၈ရက်၊ ၂၀၂၄

စစ်တွေမြို့၊ ဗျိုင်းဖြူရွာဖြစ်စဉ်တွင် ကျူးလွန်သူ စစ်ကောင်စီတပ်သားများနှင့် ALP တပ်ဖွဲ့ဝင်တစ်ဦးချင်းစီကို အပြစ်ပေးနိုင်အောင် လုပ်ဆောင်သွားမည်ဟု ULA/AA ပြော


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 3.7k

အိမ်စိုးဖြူ

နိရဉ္စရာ ဇွန် ၁/ ၂ဝ၂၄

စစ်ကောင်စီနှင့် ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော်(ALP) တပ်ဖွဲ့ကို ဗျိုင်းဖြူရွာတွင် လူ ၄ဝ ကျော်သတ်ဖြတ်ခံရမှု၊ အမျိုးသမီးသုံးဦးကို မုဒိမ်းကျင့်ပြီး နှစ်ဦးကို သတ်ဖြတ်ခဲ့မှုနှင့် ပတ်သက်၍ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA)က ကျူးလွန်သူတစ်ဦးချင်းစီကို အပြစ်ပေးနိုင်ရန် လုပ်ဆောင်သွားမည်ဟုAA ပြောခွင့်ရသူ ဦးခိုင်သုခက ပြောသည်။

ဦးခိုင်သုခက “အပြစ်မဲ့ပြည်သူတွေကို အခုလိုမျိုးမတရားဖမ်းဆီးအနိုင်ကျင့် သတ်ဖြတ်တာဟာ အလွန်ဆိုးဝါးတဲ့လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်သလို စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်းကျူးလွန်တာလည်းဖြစ်ပါတယ်။ ဒီစစ်ရာဇဝတ်မှု၊ မုဒိမ်းမှုနဲ့ ဒီလူသားမျိုးနွယ်တွေအပေါ်မှာ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် အကြမ်းဖက်စစ်ကောင်စီအနေနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရမှာဖြစ်ပါတယ်။ ဒီအစုလိုက်အပြုံလိုက်သတ်ဖြတ်မှု၊ မုဒိမ်းမှုကျူးလွန်ရာမှာ ပါဝင်ပတ်သက်တဲ့ အကြမ်းဖက်စစ်ကောင်စီနဲ့ ALP တပ်ဖွဲ့ဝင်တစ်ယောက်ချင်းစီကို အရေးယူအပြစ်ပေးနိုင်ဖို့အတွက် ကျွန်တော်တို့ ULA/AA အနေနဲ့ ဆက်လက်ပြီးတော့လုပ်ဆောင်သွားမှာဖြစ်ပါတယ်။” ဟုပြောသည်။

အာရက္ခတပ်တော်(AA)က ကောက်ယူထားသည့် လက်ရှိစာရင်းများအရ သေဆုံးသူ ၄ဝ ကျော်၊ အဓ္ဓမပြုကျင့်ခံရသူ အမျိုးသမီး(၃) ဦးအနက် နှစ်ဦးသတ်ဖြတ်ခံရပြီး ကျန်တစ်ဦးမှာ ပျောက်ဆုံးနေသေးကြောင်းသိရသည်။

“ဒီမတရားအနိုင်ကျင့်သတ်ဖြတ်ခဲ့တဲ့ဖြစ်စဉ်မှာ သတ်ဖြတ်ခံရတဲ့ရွာသားအားလုံးကတော့ (၄ဝ) ကျော်ရှိတယ်လို့သိရပါတယ်။ ဒီအထဲက (၃၃) ယောက်ရဲ့နာမည်စာရင်းတွေကိုတော့ ကျွန်တော်တို့ လက်ခံရရှိထားပြီးဖြစ်ပါတယ်။  နောက်ပြီးလို့ရှိရင် အမျိုးသမီးငယ်(၃) ယောက်လည်းပဲ မုဒိမ်းကျင့်ခံရပြီးတော့ နှစ်ယောက်ကသတ်ဖြတ်ခံရတယ်လို့ သိရပါတယ်။ ကျန်တဲ့တစ်ယောက်ကတော့ အခုချိန်ထိပျောက်နေတာပေါ့နော်။ အဲဒီတစ်ယောက်ရဲ့ ကံကြမ္မာကိုတော့ မသိရသေးပါဘူး။” ဟု ဦးခိုင်သုခက ဆက်ပြောသည်။

လွန်ခဲ့သည့် မေလ ၂၉ ရက်နေ့က စစ်ကောင်စီက အဆိုပါ ဗျိုင်းဖြူရွာ(ဆတ်ရိုးကျ) သို့သေနတ်ပစ်ဖောက်ဝင်ရောက်လာပြီး ရွာသားများအား သေနတ်များဖြင့် ပစ်သတ်မှုများ၊ အရှင်လတ်လတ်မီးထဲပစ်သွင်းမှုများရှိခဲ့ကြောင်း ဒေသခံများ၏ ပြောပြချက်အရသိရသည်။

အဓ္ဓမပြုကျင့်ခံရသည့် အမျိုးသမီးငယ်များနှင့် ပတ်သက်၍ နိရဉ္စရာမှ မိသားစုဝင်များနှင့်ဆက်သွယ်မှုရရှိရန် ကြိုးစားနေဆဲဖြစ်သည်။

အဆိုပါ ဗျိုင်းဖြူရွာဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကောင်စီမှ တာဝန်ရှိသူများအား ဆက်သွယ်ရာတွင် ဆက်သွယ်မှုမရရှိသေးသဖြင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) ဥက္ကဋ္ဌဖြစ်သူ ဒေါ်စောမြရာဇာလင်းအားဆက်သွယ်ရာတွင် ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့သဖြင့် ၎င်းတို့သဘောထားကို တင်ပြနိုင်ခြင်းမရှိသေးပါ။

ဗျိုင်းဖြူရွာမှ ဖမ်းဆီးခေါ်ဆောင်သွားသူ လူငယ်များကို စစ်ကောင်စီက ဒကစသို့ ခေါ်ဆောင်သွားပြီးနောက်အဆက်အသွယ်မရသဖြင့် မိသားစုဝင်များအနေဖြင့် စိုးရိမ်နေကြကြောင်းသိရသည်။

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!