- Web Master
- ၀၂ အောက်တိုဘာ ၂၀၂၄
မြန်မာနိုင်ငံ၌ ဖြစ်ပေါ်လျှက်ရှိသည့် အခြေအနေများနှင့်ပတ်သက်၍ အမေရိကန်က အနီးကပ် စောင့်ကြည့်လျှက်ရှိကြောင်း၊ မြန်မာနိုင်ငံ၌ တစ်နေ့တခြားတိုးပွားလာနေသည့် တင်းမာမှုများ၊ အဆက်မပြတ်ဖြစ်ပွားနေသည့် ပဋိပက္ခများကို အမေရိကန်ကလည်း အခြားနိုင်ငံများနည်းတူ အလွန်အမင်းစိုးရိမ်နေမိကြောင်း ဘင်္ဂလားဒေ့ရှ်နိုင် ဒါကာရှိ အမေရိကန်သံရုံးအရာရှိတစ်ဦးက တနင်္လာနေ့တွင် ပြောကြားလိုက်သည်။
" ကျွန်တော်တို့ အနီးကပ်စောင့်ကြည့်နေပါတယ်။ ပြောရရင် ကျွန်တော်တို့ အင်မတန် စိုးရိမ်ပါတယ်။ ကမ္ဘာကြီးကလည်း စိုးရိမ်နေပါတယ်။ ကျွန်တော်တို့ဟာ အခုဖြစ်နေတဲ့ အခြေအနေကို နီးနီးကပ်ကပ် လေ့လာပြီး စောင့်ကြည့်နေပါတယ်" ဟု ဒါကာ အမေရိကန်သံရုံးမှ ပြောရေးဆိုခွင့်ရှိသူ စတီဖင် အက်ဖ် အီဘယ်လီ က ပြောကြားခဲ့သည်။
လူငယ်သတင်းထောက်များအတွက် ဖွင့်လှစ်သည့် နည်းပညာပြပွဲ (TechCamp)ဖွင့်ပွဲအခမ်းအနားတွင် သတင်းထောက်များ၏ မေးမြန်းချက်ကို သူက ဖြေကြားခဲ့ခြင်းဖြစ်သည်။
အခြားမေးခွန်းတစ်ခု မေးမြန်းရာတွင် အမေရိကန်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် စီးပွားရေး၊ ရာသီဥတုပြောင်းလဲမှု စသည့် အဓိကကျသောနေရာများတွင် လက်တွဲအလုပ်လုပ်ကြောင်း သူက ဖြေကြားခဲ့သည်။
ဘင်္ဂလားဒေ့ရှ်၏ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွင် အမေရိကန်သည် နံပါတ် တစ် ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်သည် ကုန်စည်နှင့် ဝန်ဆောင်မှုတင်ပို့ရာတွင် နံပါတ် တစ် နေရာတစ်ခုဖြစ်သည်ဟု သူက ပြောကြားခဲ့သည်။
ဒါကာရှိ အမေရိကန်သံရုံးက ပံ့ပိုးကူညီသည့် သုံးရက်ကြာ ကျင်းပမည့် TechCamp ပွဲတော်တွင် ဘင်္ဂလားဒေ့ရှ် သတင်းထောက်လူငယ် ၅၀ အား သတင်းတု၊ သတင်းမှား ခွဲခြားခြင်း၊ အေအိုင်နည်းပညာအသုံးချခြင်း နှင့် သတင်းမှားတိုက်ဖျက်ခြင်းများကို ပို့ချပေးသွားမည်ဟု သူက ဆိုသည်။
မြန်မာနိုင်ငံ ရခိုင်ပြည်အနောက်ဘက်နယ်စပ်တစ်လျှောက်အပါအဝင် ရခိုင်ပြည်အနှံ့အပြားတွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်တို့အကြား တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေကြောင်း သိရသည်။
NN-27Ref:Dhaka tribune and Photo: Amnesty International