တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

စစ်တွေတွင် သေနတ်ပစ်ခတ်မှု ထပ်မံဖြစ်ပွား၊ဖခင်ဖြစ်သူသေဆုံးပြီး သမီးဖြစ်သူဒဏ်ရာရ


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၀၅ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 3.6k

Breaking News

ရခိုင်ပြည်နည်၊ စစ်တွေမြို့တွင် ယနေ့ ည ၉ နာရီခန့်က သေနတ်ပစ်ခတ်မှုထပ်မံဖြစ်ပွားခဲ့ပြီး အသက် (၅၀) အရွယ် ဖခင်ဖြစ်သူမှာ သေဆုံးပြီး သမီးဖြစ်သူမှာ ဒဏ်ရာရရှိသွားကြောင်းသတင်းရရှိသည်။

သေဆုံးသူမှာ စက်ရုံစုရပ်ကွက်တွင် နေထိုင်သူ ဦးမောင်စိန်တင် (၅၁)နှစ်ဖြစ်ကြောင်း သိရသည်။

စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်ရှိ အောင်ပါရမီဘုန်းတော်ကြီးကျောင်းအနီးတွင် ယနေ့ ည ၉ နာရီခန့်က သေနတ်ဖြင့် ငါးချက်ပစ်ခတ်ခံရပြီး သေဆုံးသွားခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောသည်။

"သေနတ်ငါးချက်ပစ်ခံရပြီး ဒဏ်ရာပြင်းထန်တော့ ဆေးရုံရောက်ပြီးသေသွားတယ်။ သူ့သမီးလည်း ခြေထောက်မှာ ဒဏ်ရာရသွားတယ်" ဟု ပြောသည်။

လက်ရှိတွင် သေဆုံးသူ၏အလောင်းနှင့် ဒဏ်ရာရသွားသည့် သူ့သမီးဖြစ်သူတို့ကို စစ်တွေဆေးရုံသို့ ပို့ဆောင်ထားရကြောင်း သိရသည်။

သေနတ်ဖြစ်ပွားခဲ့သည့်နေရာမှာ ဒေါ်စောမြရာဇာလင်းဦးဆောင်သော ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) အခြေစိုက်ရုံးနားတွင်ဖြစ်သည်ဟု မြို့ခံများက ပြောသည်။

" စက်ရုံစုရပ်ကွက် ALP ဌာနချုပ်နားမှာဖြစ်သွားတာပါ။ ဘယ်အဖွဲ့အပစ်မှန်းတော့ မသိဘူး"ဟု ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၅ ရက်နေ့၊ မွန်းလွဲ ၁၂ နာရီကလည်း စစ်တွေမြို့လယ်ခေါင်တွင် အသက် ၄၀ အရွယ်ရှိ ALP ဗိုလ်မှူး ခိုင်စိုးလွင်သည် ပြည်နယ်ဆက်သွယ်ရေးရုံးအနီး ကွမ်းယာဆိုင်တစ်ဆိုင်ရှေ့၌ သေနတ်ဖြင့် ပတ်ခတ်ခံလိုက်ရသလို ချွန်ထက်သည့်အရာတစ်ခုဖြင့် ထိုးသွင်းခံလိုက်ရ၍ နေရာတွင် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။ (NN-11)

ဓာတ်ပုံ- ပုံဟောင်း

ဆက်စပ် သတင်းများ