တနင်္ဂနွေ၊ စက်တင်ဘာလ ၈ရက်၊ ၂၀၂၄

အာရက္ခတပ်တော်​၏ စစ်ရေးဗျူဟာ ကစားကွက်အောက် ရောက်ရှိနေသည့် သံတွဲမြို့ကို အာရက္ခတပ်တော်က မကြာမီ သိမ်းပိုက်နိုင်ဖွယ်ရှိနေဟု ဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 8.2k

လူထက်နိုင် (ဒွါရာမြီ)

နိရဉ္စရာ၊ မေ ၃၀ ရက်/၂၀၂၄

ရခိုင်ပြည် သံတွဲမြို့သည် အာရက္ခတပ်တော်​၏ စစ်ရေးဗျူဟာ ကစားကွက်အောက်တွင် ရောက်ရှိနေပြီး မကြာမီ သိမ်းပိုက်နိုင်ဖွယ်ရှိနေသည်ဟု ဒေသခံစစ်ရေးကျွမ်းကျင်သူများနှင့် စစ်မှုထမ်းဟောင်းများ​​၏သုံးသပ်ချက်အရ သိရှိရသည်။ 

သံတွဲမြို့တွင် စစ်ကောင်စီတပ်သားများသည် အာရက္ခတပ်တော်၏ မြေပြင်ထိုးစစ်ကို မယှဉ်နိုင်သောကြောင့်အကျအဆုံးများပြားလျက်ရှိကာ ဗျုဟာမြောက်သော စစ်ဆင်ရေးကို မပြုလုပ်နိုင်သကဲ့သို့ အင်အားအသစ်ဖြည့်တင်းထားသော စစ်ကောင်စီတပ်သားများသည်လည်း နယ်မြေဒေသ မကျွမ်းကျင်ကြကြောင်းစစ်မှုထမ်းဟောင်းများက ပြောဆိုကြသည်။

“စစ်က ခုဘယ်လို ဖြစ်နေလဲဆို ကစားကွက်က AA လက်ထဲမှာ၊ AA နားရင် တိုက်ပွဲမရှိဘူး။ တိုက်ပွဲနေရာနဲ့အချိန် သတ်မှတ်ချက်ကလည်း AA ပေါ်ပဲမူတည်တယ်။ စစ်ကောင်စီ စစ်ကူလာတဲ့ကောင်တွေက ပိုဆိုးတယ်။  နတ်တောင်မော်ရွာ ဘယ်နားမှာလဲ ကားပေါ်က ဆင်းမေးတယ်။ အလယ်ရွာ ဘယ်နားက ဝင်ရလဲကွမ်းယာဆိုင်မှာ မေးလိုမေး။သတင်းအချက်လက်နဲ့ စဉ်းစားမှုတွေက သူတို့ထဲမှာပဲ ပိတ်ထားတဲ့ကိစ္စလေ။လာတဲ့ကောင်တွေကလည်း ပထဝီမသင်ဖူး GPS မကြည့်တတ်တဲ့ကောင်တွေများတယ်” ဟု သံတွဲ ဒေသခံစစ်မှုထမ်းဟောင်း တစ်ဦးက ပြောသည်။

သံတွဲ-ဂွ-ရန်ကုန် လမ်းပေါ်ရှိ ရခိုင်ရိုးမပေါ်တွင် ယခုရက်ပိုင်း စစ်ကောင်စီက တပ်အင်အားတိုးချကာ နေရာယူထားပြီး စစ်ဆေးရေးများ တင်းကျပ်လျက်ရှိကာ  ဧရာဝတီတိုင်း မြန်အောင်မြို့နှင့် ကျုံပျော်မြို့များမှ စစ်ကောင်စီတပ်သားများ အင်အားဖြည့်ထားကြောင်း ဒေသခံများက ဆိုသည်။

လက်ရှိ သံတွဲမြို့စစ်ရေးအခြေအနေနှင့်ပတ်သက်ပြီး စစ်ရေးဗျူဟာကျွမ်းကျင်သော ဒေသခံတစ်ဦးက " လက်ရှိအေအေက ကွင်းဝိုင်းရေတပ်ကိုပဲ ၀င်တိုက်မလား။ တောင်ဖက်က သံတွဲ - ဂွ လမ်းကို ပဲပိတ်မလားပဲ။ဂွရိုးမ ထဲမှာတောင် တချို့လှုပ်ရှားမှုလေးတွေ ရှိတယ်။ စကစ ကတော့ ရိုးပေါ်က ကားလမ်းတလျှောက်မနည်းနေရာယူထားတယ်။ ပွင့်တာက အဲ့လမ်း တပေါက်ပဲ ရှိတော့တယ်လေ။ နောက် ဧရာ၀တီတိုင်းနဲ့ရန်ကုန်တိုင်း ပဲခူးတိုင်းတွေမှာ AA ထူထောင် sponsor ပေးထားတဲ့ PDF အဖွဲ့တွေမနည်းရှိတယ်။နောက် အမ်းမြို့ကို အေအေကဝိုင်းထားပြီ။ မကွေးPDF နဲ့ပေါင်းပြီး ငဖဲထိ တက်ပြီး အေအေက  ပိတ်ထားတာကြည့်။  တောင်ကုတ်က မတိုက်ပဲ ကျရှုံးနေတဲ့မြို့လေ။ တောင်ကုတ်က စစ်ကောင်စီတပ်သားတွေ မြို့ထဲက မထွက်ရဲတော့ဘူး “ ဟု ပြောဆိုသည်။

လက်ရှိသံတွဲမြို့နယ်တွင် အာရက္ခတပ်တော်နှင့် စစ်ကောင်စီတပ် တိုက်ပွဲမဖြစ်သည်မှာ ၅ရက်ခန့်ရှိလာပြီဖြစ်သော်လည်း စစ်ကောင်စီ၏ ကွင်းဝိုင်းရေတပ်တွင် သင်္ဘောများ အ၀င်အထွက်ရှိကြောင်း ဒေသခံများထံမှသိရသည်။

လက်ရှိသံတွဲမြို့တွင် အာရက္ခတပ်တော်မှ မြို့သိမ်းတိုက်ပွဲဆင်နွှဲရန် အရိပ်အရောင်များ မြင်တွေ့နေရပြီးတောင်ကုတ်-သံတွဲလမ်းပိုင်း၏ တချို့နေရာများ ကိုထိန်းချုပ်ထားသောကြောင့် သံတွဲမြို့ရှိ စစ်ကောင်စီ၏ထွက်ပေါက်သည် သံတွဲ-ဂွ လမ်းတစ်ခုသာရှိတော့ ကြောင်း သိရသည်။

“ထိုးစစ်ပေမယ့် အေအေက  ၀င်တိုက်တာနည်းတယ်။ စစ်ကို ခေါ်တိုက်တာ စစ်မျက်နှာလည်း များတယ်။ ၀င်မတိုက်တာက ပြည်သူထိမှာစိုးလို့AA က၊ သူ့ဟာသူပဲ တောထဲမှာနေတာ၊ ပြည်သူဘယ်သူ့မှလဲ ဒုက္ခမပေးဘူး။ AAက ဖမ်းသွားတဲ့ကောင်တွေ ကြည့်လိုက်ရင် ဒလန်တွေချည်းပဲ ။စကစနဲ့ပေါင်းပြီး ပြည်သူဒုက္ခပေးနေတဲ့ကောင်တွေ လိုက်တိုက်ရဲလားဆိုတော့လည်း မတိုက်ကိုမတိုက်ရဲ တာ။ပြည်သူကို ဒုက္ခပေးနေတာ” ဟုသံတွဲမြို့ရှိ အာရက္ခတပ်တော်၏ လက်ရှိအခြေအနေကို စစ်ရေးဗျူဟာ ကျွမ်းကျင်သူက ရှင်းပြသည်။

လက်ရှိတွင် သံတွဲမြို့နယ်တောင်ဘက်ပိုင်းရှိ မောင်ရွှေလေး၊ မော်ရုံနှင့် မော်ရှည်ကျေးရွာ ဒေသတဝိုက်တွင်စစ်တပ်က အင်အား တိုးမြှင့်ချထားပြီး၊ မြေမြှုပ်မိုင်းများ ထောင်ထား ကြောင်းသိရသည်။

တိုက်ပွဲများပြင်းထန်ခဲ့သည့် သံတွဲမြို့နယ်ရှိ၊ ကျောင်းကုန်းရွာ၊ လင်းသီရွာနှင့် အောက်နတ်မော်ရွာ၊ နတ်တောင်မော်ရွာတို့တွင်  စစ်ကောင်စီက ပစ်ခတ်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲသဖြင့် ဒေသခံအရပ်သား ပြည်သူ ၂၆ ဦးသေဆုံးခဲ့ပြီး နေအိမ် စုစုပေါင်း ၃၀ ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

ထို့အပြင် သံတွဲမြို့နယ်၊ ကျောင်းကုန်းကျေးရွာ နေအိမ်ခြံဝင်းတစ်ခုတွင် မြှုပ်နှံထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့၏ ရုပ်အလောင်းကို မေလ ၂၉ ရက်တွင် ဒေသခံများက တွေ့ရှိခဲ့ကြကြောင်း ဒေသတွင်းသတင်းများတွင်ဖော်ပြကြသည်။


ဆက်စပ် သတင်းများ