တနင်္လာ၊ ဇွန်လ ၁၇ရက်၊ ၂၀၂၄

လကမ္ဘာသို့ ဆင်းသက်မည့် အာကာသယာဉ်ကို အိန္ဒိယ အောင်မြင်စွာပစ်လွှတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 927

“အိန္ဒိယ​၏ အာကာခရီးရှည် စာမျက်နှာသစ် ဖွင့်လှစ်လိုက်ခြင်းဟု ဝန်ကြီးချုပ်မိုဒီဆို”


အိန္ဒိယနိုင်ငံသည် လကမ္ဘာ​၏ လူသိနည်းသော တောင်ဝင်ရိုးစွန်းအနီးသို့ ဆင်းသက်မည့် အာကာသယာဉ်ကို ဇူလိုင်လ(၁၄)ရက်နေ့က ကမ္ဘာပတ်လမ်းကြောင်းအတွင်းသို့ အောင်မြင်စွာ ပစ်လွှတ်နိုင်ခဲ့သည်။

 

ချန်ဒရာယန်း-၃ ဟု အမည်ပေးထားသည့် အာကာသယာဉ်ကို သောကြာနေ့ ၊ ဒေသစံတော်ချိန် မွန်းလွဲ ၂:၃၅ နာရီတွင် ဆရီဟာရီကိုတာ အာကာသစခန်းမှ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့သည်။

 

ကမ္ဘာပတ်လမ်းကြောင်းအတွင်း ရောက်ရှိသွားသည့် အာကာသယာဉ်နှင့်အတူ လကမ္ဘာပတ်ဂြိုလ်တု၊ လဆင်းယာဉ် နှင့် လပေါ်သွားယာဉ်များ ပါဝင်ပြီး လကမ္ဘာပေါ်သို့ လာမည့် ဩဂုတ်လ ၂၃-၂၄ ရက်များတွင် ဆင်းသက်နိုင်ရန် စီစဉ်ထားသည်။

 

အကယ်၍ လပေါ်ဆင်းသက်မှု အောင်မြင်ပါက အိန္ဒိယသည် အမေရိကန်၊ ဆိုဗီယက် နှင့် တရုတ်တို့ပြီးလျှင် ကမ္ဘာပေါ်တွင် စတုတ္ထမြောက် လပေါ်သို့ ဆင်းသက်နိုင်သည့် နိုင်ငံတစ်ခု ဖြစ်လာမည်ဖြစ်သည်။

 

အာကာသယာဉ် လွှတ်တင်မှု အောင်မြင်ခဲ့ပြီးနောက် အိန္ဒိယဝန်ကြီးချုပ် မိုဒီက ယခုအောင်မြင်မှုမှာ အန္ဒိယ​၏ အာကာသခရီးရှည် စာမျက်နှာသစ်တစ်ခုကို ဖွင့်လှစ်နိုင်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။



 

အာကာသယာဉ် ပစ်လွှတ်မှုကို ထောင်ပေါင်းများစွာသော အိန္ဒိယပြည်သူများက ဒုံးပျံပစ်လွှတ်ရာ စခန်းအနီးမှ စောင့်ကြည့်ခဲ့ကြပြီး လက်ခုပ်တီကာ အားပေးခဲ့ကြသလို အာကာသဒုံးပျံစခန်းမှ ပညာရှင်များကလည်း " အမိ အိန္ဒိယ အောင်ပွဲ" ဟု လက်ခုပ်တီးကာ ကြွေးကြော်ခဲ့ကြသည်။

 

 " ချန်ဒရာယန်း-၃ ရဲ့ လကမ္ဘာခရီးစဉ်ဟာ စတင်ပါပြီ" ဟု အိန္ဒိယအာကာသ သုတေသနအဖွဲ့ ( Isro ) အကြီးအကဲ ဆရီဒါရာ ဆိုမာနက်က အောင်မြင်စွာ လွှတ်တင်အပြီးတွင် ပြောကြားခဲ့သည်။

 

ယခုလွှတ်တင်လိုက်သည့် အာကာသယာဉ် ချန်ဒရာယန်း-၃ သည် အိန္ဒိယ​၏ လကမ္ဘာ စူးစမ်းလေ့လာရေးစီမံကိန်း အဆင့် (၃) ဖြစ်ပြီး ယခင် လကမ္ဘာစီမံကိန်းများ​၏ အောင်မြင်မှုများကို ထပ်ဆင့်အကောင်အထည်ဖော်နိုင်ခြင်းဖြစ်သည်။

 

အိန္ဒိယနိုင်ငံ​၏ ပထမဦးဆုံး လကမ္ဘာစူးစမ်းလေ့လာရေးစီမံကိန်း Chandrayaan-1 ကို ၂၀၀၈ ခုနှစ်က စတင်အကောင်အထည်ခဲ့ပြီး လကမ္ဘာပေါ်တွင် ရေရှိမရှိ လေ့လာခြင်းနှင့် လ​၏ လေထုတည်ရှိမှုကို အတည်ပြုနိုင်ခဲ့သည်။

 

လကမ္ဘာစူးစမ်းလေ့လာရေး ဒုတိယစီမံကိန်းအဖြစ် Chandrayaan-2 အာကာသယာဉ်ကို ၂၀၁၉၊ ဇူလိုင်လတွင် ပစ်လွှတ်ခဲ့ရာ အပြည့်အဝအောင်မြင်မှု မရခဲ့ပေ။

 

လကမ္ဘာပတ်လမ်းကြောင်းပေါ် ရောက်အောင် ဂြိုလ်လ်တုပစ်လွှတ်နိုင်ခဲ့သော်လည်း လဆင်းယာဉ်မှာ လမျက်နှာပြင်ပေါ်အရောက်တွင် ပျက်စီးသွားခဲ့သည်။

 

ယခုလွှတ်တင်သည့် Chandrayaan-3 အာကာသယာဉ်မှာ အိန္ဒိယ​၏ တတိယမြောက် လကမ္ဘာစီမံကိန်းဖြစ်ပြီး ပထမစီမံကိန်းအပြီး ၁၃ နှစ်အကြာတွင် အကောင်အထည်ပေါ်လာခြင်းဖြစ်သည်။

 

 ရည်ရွယ်ထားသည့်အတိုင်း လကမ္ဘာ​၏ လူသိနည်းသော တောင်ဝင်စွန်းအနီးသို့ ငြင်သာစွာ ဆင်းသက်နိုင်မည်ဆိုပါက အိန္ဒိယသည် ကမ္ဘာပေါ်တွင် စတုတ္ထမြောက် လကမ္ဘာပေါ် အာကာယာဉ်စေလွှတ်နိုင်သည့် နိုင်ငံတစ်ခုအဖြစ် မှတ်တမ်းဝင်သွားမည်ဖြစ်သည်။

 

NN-27

 ref: BBCworld

ဆက်စပ် သတင်းများ