တနင်္လာ၊ ဇွန်လ ၁၇ရက်၊ ၂၀၂၄

အိန္ဒိယတွင် အကျဥ်းကျခံနေရသည့် မြန်မာနိုင်ငံသား ၅၇ ဦးကိုပြန်လည်ပို့ဆောင်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 866

အိန္ဒိယနိုင်ငံတွင် အကြောင်းအမျိုးမျိုးဖြင့် နှစ်ရှည်အကျဉ်းကျခံနေရသည့် မြန်မာနိုင်ငံသား ၅၇ ဦးကို အိန္ဒိယနိုင်ငံ ပို့ဘလဲယား (Port Blair) ကျွန်းမှတဆင့် ယခုလ ၁၉ ရက်နေ့က မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်ခဲ့ကြောင်း သိရသည်။

သီတဂူဆရာတော်ကြီး ဒေါက်တာအရှင်ဉာဏိဿရ၏ အစီအစဉ်ဖြင့် ၎င်းသူများကို ပြန်လည် ခေါ်ယူနိုင်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

“  အောက်တိုဘာ ၁၉ ရက်နေ့မှာ အဆိုပါ မြန်မာအကျဉ်းသားတွေကို အိန္ဒိယ နိုင်ငံကနေ ခေါ်ဆောင်နိုင်ခဲ့ပါတယ်။  ထောင်ဒဏ် ၂ နှစ်မှ ၁၀ နှစ်ထိ အကျဉ်းကျ ခံနေရသူတွေ ဖြစ်ပြီး သီတဂူအဖွဲ့က ခရီးစရိတ် ကျသင့်ငွေအားလုံး လှူဒါန်းပြီး နှစ် နိုင်ငံတာဝန်ရှိသူတွေရဲ့ အကူညီနဲ့ လွတ်မြောက်အောင် ဆောင်ရွက်ခဲ့တာပါ”ဟု Venerable Ashin Nyanissara ၏ လူမှူကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။

၎င်းအကျဉ်းကျခံနေရသူအများစုမှာ ရေလုပ်သားများဖြစ်ကြပြီး အိန္ဒိယ ရေပြင်ပိုင်နက်တွင် ဝင်ရောက်ငါးဖမ်းစဉ် ဖမ်းဆီးခံရသူများနှင့် လှေပျက်ပြီး မျောပါသွားရာမှ ဖမ်းဆီးခံနေရသူများ ဖြစ်ကြောင်း သိရသည်။



အကျဉ်းသားများ မြန်မာနိုင်ငံသို့ပြန်ရောက်ရာတွင်လည်း သီတဂူအဖွဲ့က လမ်းစရိတ်နှင့် ညစာထပ်မံလှူဒါန်းပြီး စစ်ကောင်စီ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက နေရပ်အသီးသီးသို့  ပြန်လည် ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။

သီတဂူဆရာတော်ကြီးနှင့်သီတဂူအဖွဲ့သည် သီရိလင်္ကာ၊ အိန္ဒိယနိုင်ငံနှင့် မလေးရှားနိုင်ငံတို့တွင် အကြောင်းအမျိုးမျိုးဖြင့်အကျဉ်းကျခံနေရသော မြန်မာအကျဉ်းသားများလွတ်မြောက်ရေးအတွက် ၁၉ ကြိမ်ဆောင်ရွက်ခဲ့ပြီး အကျဉ်းသားဦးရေ ၂၀၀၀ ကျော်ခန့်ကို မြန်မာနိုင်ငံသို့ ပြန်ပို့နိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - သီတဂူအောင်သန်းဝင်း

ဆက်စပ် သတင်းများ