စနေ၊ ဇူလိုင်လ ၂၇ရက်၊ ၂၀၂၄

၁၀၂၇ စစ်ဆင်ရေးတွင် ဖမ်းဆီးရမိသော စစ်သုံ့ပန်း ၄၁ ဦးကို MNDAA က ပြန်လွှတ်ပေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 364

လူထက်နိုင် (ဒွါရာမြီ)

နိရဥ္စရာ ၊မေ ၁၂ /၂၀၂၄

ရှမ်းပြည်နယ်မြောက်ပိုင်း ၁၀၂၇ စစ်ဆင်ရေးအတွင်း ဖမ်းဆီးရရှိခဲ့သော စစ်သုံ့ပန်းများထဲမှ ၄၁ ဦးကိုပြန်လည် လွှတ်ပေးလိုက်ကြောင်း မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ် (MNDAA) ၏ သတင်းပြန်ကြားရေးဌာနက မေလ ၁၂ ရက်နေ့ ညနေပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

MNDAA မှ ပြန်လည်လွှတ်ပေးသူများတွင် ကျန်းမာရေးမကောင်းသူများ၊ ဒဏ်ရာရရှိထားသူများ၊ ခြေလက်အင်္ဂါဆုံးရှုံးထားသူများ၊ အသက်ကြီးသူများပါဝင်ကြောင်း သိရှိသည်။

မေလ ၁၀ ရက်နေ့တွင် စစ်သုံ့ပန်း ၄၁ ဦးကို MNDAA မှ တာဝန်ရှိသူများက လမ်းစရိတ်များပေးအပ်၍အားပေးစကားများ ပြောကြားကာ ကားများဖြင့် ပြန်လည်ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ စစ်သုံ့ပန်းများအား သိန္နီမြို့နယ်အတွင်းရှိ စစ်ဆင်ရေးများတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်းMNDAA ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြန်လွှတ်ပေးခဲ့သော စစ်သုံ့ပန်းများအား MNDAA လုံခြုံရေးဌာန၏ ဒုတိယညွှန်ကြားရေးမှူး ဗိုလ်ချုပ်ရန်ကျီထန်မှ သွားပြီးရောက်ကြည့်ရှု့ခဲ့ပြီး ဒဏ်ရာရသူများ၏ ဆေးကုသခံမှုယူနေသော အခြေအနေကိုကြည့်ရှုခဲ့ကြောင်းသိရသည်။

စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးခံထားရသည့် စစ်ကောင်စီတပ်သားစစ်သုံ့ပန်းများဘက်ကလည်း ကောင်းမွန်စွာဆေးကုသခွင့်ပေးသည့်အတွက်ကျေးဇူးတင်ကြောင်း MNDAA ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့တွင် စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးကာလအတွင်းရှမ်းပြည်နယ်မြောက်ပိုင်းရှိ သိန္နီ၊ ကွမ်းလုံ၊ ချင်းရွှေဟော်၊ လောက်ကိုင်၊ မုံးကိုး၊ ကြူကုတ်(ပန်ဆိုင်း)၊ ကုန်းကြမ်း စသည့် မြို့များကို MNDAA တပ်ဖွဲ့မှ သိမ်းပိုက်ထားသည်။

ဓာတ်ပုံ- 果敢资讯网

ဆက်စပ် သတင်းများ