စနေ၊ ဇူလိုင်လ ၂၇ရက်၊ ၂၀၂၄

ဘူးသီးတောင်အခြေစိုက် စကခ (၁၅)နှင့် စစ်ဗျူဟာအပါအဝင် တပ်ရင်း ၂၀ နီးပါးကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ဘူးသီးတောင်မြို့နယ်တစ်ခုလုံးကို အပြီးသတ်ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း AA အတည်ပြု


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 1.8k

ခိုင်လူလှ (ရိုးမမြီ) နိရဉ္စရာ၊ မေလ ၂၀/ ၂၀၂၄

အမှတ် (၁၅) စစ်ဗျူဟာ ကွပ်ကဲမှုဌာနချုပ်၊ ဘူးသီးတောင် စစ်ဗျူဟာ၊ နယ်ခြားစောင့်တပ်ဌာနချုပ် နခခ (၈)၊ နခခ(၃) အပါအဝင် တပ်ရင်းပေါင်း ၂၀ နီးပါးကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ဘူးသီးတောင် မြို့နယ် တစ်ခုလုံးကို အပြီးသတ်သိမ်းပိုက် ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း အာရက္ခတပ်တော်(AA)  ပြောခွင့်ရသူ ဦးခိုင်သုခက နိရဉ္စရာသတင်းဌာနသို့ ယနေ့ မေလ ၂၀ ရက်နေ့တွင် အတည်ပြု ပြောဆိုသည်။

“ ဘူးသီးတောင်မြို့နယ် အခြေစိုက်တပ်ရင်းတွေကို သိမ်းပိုက်ပြီးနောက် ဘူးသီးတောင်မြို့ကိုလည်း အောင်မြင်စွာ သိမ်းပိုက် ထိန်းချုပ်လိုက်ပါပြီ” ဟု ဦးခိုင်သုခက ပြောဆိုသည်။

ဘူးသီးတောင်မြို့ အနီးဝန်းကျင်ရှိ စစ်တပ် တပ်ရင်းများကို သိမ်းပိုက်ပြီးနောက် စစ်ကောင်စီ တပ်သားများနှင့် ၎င်းတို့ လက်နက်တပ်ဆင်ပေးထားသည့် မွတ်ဆလင် လက်နက်ကိုင်များသည် မြို့ထဲသို့ ဆုတ်ခွာပြီး ခုခံကာကွယ်ကြသော်လည်း AA က အပြီးသတ် တိုက်ခိုက်သိမ်းပိုက်လိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။




ဘူးသီးတောင်မြို့နယ် ရခိုင်ပြည်အတွင်း စစ်ကောင်စီတပ်ရင်း အများဆုံး အခြေစိုက်ရာ မြို့နယ်တစ်ခုဖြစ်ပြီး စစ်သည်အင်အား၊ လက်နက်အင်အား အများဆုံးတပ်ဖြန့်ချထားသော မြို့နယ် ဖြစ်သည်။

သို့သော်လည်း အာရက္ခတပ်တော်၏ ထိုးစစ်ဆင်တိုက်ခိုက်မှုအောက်တွင် ၎င်းတပ်ရင်များ အားလုံးမှာ ပြားပြားဝပ်သွားခဲ့ကြသည်ဟု သိရသည်။

အာရက္ခတပ်တော်သည် ဘူးသီးတောင် အရှေ့ခြမ်းရှိ ခမရ (၅၅၂) တပ်ရင်းအား ၂၀၂၄ ခုနှစ် မတ်လ (၂၅) ရက်နေ့တွင်လည်းကောင်း၊  ခမရ (၅၆၄) တပ်ရင်းအား ဧပြီလ (၅) ရက်နေ့တွင်လည်းကောင်း၊  ခမရ (၅၆၅) တပ်ရင်းအား ဧပြီလ (၂၄) ရက်နေ့တွင်လည်းကောင်း၊  စကခ (၁၅) ဘူးသီးတောင် တပ်မဌာနချုပ်အား မေလ (၂) ရက်နေ့တွင်လည်းကောင်း၊  ခမရ (၅၅၁) တပ်ရင်းအား မေလ (၃) ရက်နေ့တွင်လည်းကောင်း သိမ်းပိုက်ခဲ့သည်။

၎င်းနောက် ကျန်ရှိနေသည့် တပ်ရင်းများကို ထပ်မံထိုးစစ်ဆင် မေလ (၁၃) ရက်နေ့တွင် နခခ (၃) ဌာနချုပ်အားလည်းကောင်း၊ မေလ (၁၆) ရက်နေ့တွင် နခခ (၈) ဌာနချုပ်အား လည်းကောင်း၊ မေလ (၁၄) ရက်နေ့ ၌  ခမရ (၃၅၃) ၊ ခမရ (၅၃၅) ၊ ခလရ (၂၆၃) နှင့် ခလရ (၂၃၃) တပ်ရင်းတို့ အားလည်းကောင်း၊  မေလ (၁၈) ရက်နေ့တွင် ဘူးသီးတောင် ဗျူဟာဌာနချုပ်၊ အမြောက်တပ် အမတ (၃၇၈)၊ ခမရ (၂၃၄)၊ ခမရ (၃၄၅)၊ ခမရ (၃၅၂) တပ်ရင်းများ၊ အမြောက်တပ်၊ ထောက်ပို့တပ်ရင်း နှင့် GE တပ်ရင်း တို့ကို ဆက်လက် သိမ်းပိုက်ခဲ့သည်။

အာရက္ခတပ်တော်၏ ထုတ်ပြန်ချက်ထဲတွင် မေလ (၁၈) ရက်၊ မွန်းတည့် (၁၂) နာရီအချိန်ခန့်တွင် ဘူးသီးတောင် အခြေစိုက် တပ်ရင်းတပ်ဖွဲ့များအားလုံးကို အောင်မြင်စွာ သိမ်းပိုက်ရရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

(ဓာတ်ပုံ- ပုံဟောင်းသာ)


 

ဆက်စပ် သတင်းများ