စနေ၊ ဇူလိုင်လ ၂၇ရက်၊ ၂၀၂၄

၄ လအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှုးအဆင့်အပါအဝင် တပ်ဖွဲ့ဝင် ၅ဝဝ ခန့် CDM လုပ်ဆောင်ခဲ့ဟုဆို


  • ရေးသူ: Web Master (NN 24)
  • | ရက်စွဲ: ၂၃ သြဂုတ် ၂၀၂၃
  • | ကြည့်ရှုသူ: 740

ပြီးခဲ့သည့် ဧပြီလမှ ဇူလိုင်လအထိ ၄ လအတွင်း စစ်ကောင်စီတပ်မှ ဒု-တပ်ရင်းမှုး ဗိုလ်မှုး အဆင့်ရှိသူ တစ်ဦးအပါအဝင် ၅၀၀ နီးပါးတို့သည် Civil Disobedience Movement (CDM)ဟု ခေါ်သည့် အကြမ်းမဖက် အာဏာဖီဆန်ရေး လုပ်ဆောင်ခဲ့ကြကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားလိုက်သည်။

ယမန်နေ့ ဩဂုတ်လ ၂၂ ရက်ကကျင်းပသည့် NUG ၏ ၂၈ ကြိမ်မြောက်အစည်းအဝေးတွင် မန်းဝင်းခိုင်သန်းက ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ဧပြီလကနေ ဇူလိုင်လအထိ ၄ လ အတွင်းမှာ စာရင်းအရ ဒု-ရင်းမှူးအဆင့် ဗိုလ်မှူး ၁ ဦးအပါအဝင် ခန့်မှန်း ၅၀၀ နီးပါးရှိတယ်လို့ သိရပါတယ်။ ဒါဟာ ကျွန်တော်တို့ကို ချိတ်ဆက်လာတဲ့ အရေအတွက်ပဲ ဖြစ်ပြီး မချိတ်လာကြသေးတာလည်း ရှိနေနိုင်ပါတယ်။ ပြောလိုတာက ကျွန်တော်တို့ တော်လှန်ရေးဟာ ပြည်သူ့ အင်အားနဲ့ ရုန်းကန်တိုက်ပွဲဝင်လာကြတာ အခုဆိုရင် အောင်မြင်မှုပန်းတိုင်က အတော်နီးနေပြီ ဖြစ်ပါတယ်။ ဒီလို ပန်းတိုင်ကိုမြင်နေရပြီဆိုတဲ့အချိန်မှာ ကျွန်တော်တို့ဟာ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ခရီးဆက်နိုင်ကြဖို့ အင်မတန်အရေးကြီးပါတယ်”ဟု ပြောသည်။

လက်ရှိ ဩဂုတ်လအတွင်း၌လည်း စစ်ကောင်စီလက်အောက်တွင် ဆက်လက်တာဝန် မထမ်းဆောင်လိုတော့၍ ထွက်ပြေးလာကြသည့် စစ်သားပေါင်း ၅၀ ကျော်ရှိခဲ့ကြောင်းလည်း ဆိုထားသည်။

စစ်ကောင်စီ၏ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး ဘက်ပေါင်းစုံတွင်ပြိုလဲနေပြီး တစ်ပြည်လုံးရှိ စစ်မျက်နှာ ပြင်များ၌လည်း ကျရှုံးထိခိုက်မှု များလာနေသည်ဟု ဆိုသည်။

လက်ရှိစစ်ကောင်စီလက်အောက်၌ တာဝန် ထမ်းဆောင်နေကြသည့် ဝန်ထမ်းများကို စစ်တပ်အရန် အင်အားအဖြစ် ဖွဲ့စည်းတာဝန်ပေးဖို့ ညွှန်ကြားနေရသည်အထိ ပြိုလဲနေပြီလို့လည်း မန်းဝင်းခိုင်သန်းက ဆိုသည်။

မြေပြင်တိုက်ပွဲဝင်ရန်အတွက် စစ်တပ်မှအရာရှိများအပါအဝင် အခြားအဆင့်စစ်သည်များသည် စစ်တိုက် လိုစိတ်မရှိတော့သလို နောက်တန်းတွင်ကျန်ခဲ့ရသည့် မိသားစုဝင်များမှာလည်း ပြင်ပနှင့်ဆက်သွယ်ခွင့်မရဘဲ လူ့အခွင့်အရေး ဆုံးရှုံးနေကြရကြောင်း အမည်မဖော်လိုသည့် CDM အရာရှိတစ်ဦးက ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်များသည် စစ်ကိုင်း၊ မကွေး၊ ချင်း၊ ကချင်၊ ရှမ်း၊ (ကယား) ကရင်နီ၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် စစ်ရေးအရှိန်တိုးမြှင့်ထားပြီး နေ့စဉ်ဆိုသလို တိုက်ပွဲများဖြစ်ပွားနေကြောင်း သိရသည်။ 

Photo - NUG

ဆက်စပ် သတင်းများ