စနေ၊ ဇူလိုင်လ ၂၇ရက်၊ ၂၀၂၄

စာနယ်ဇင်းလွတ်လပ်ခွင့်ကို ကန့်သတ် ချုပ်ခြယ်ပိတ်ပင် တားဆီးသည့် မည်သည့်လုပ်ရပ်မျိုးကိုမဆို အခိုင်အမာ ဆန့်ကျင်ကြောင်း ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့တွင် NUG ထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 437

လူထက်နိုင်(ဒွာရာမြီ)

နိရဉ္စရာ၊ မေ ၃ / ၂၀၂၄

စာနယ်ဇင်းလွတ်လပ်ခွင့်ကို ကန့်သတ် ချုပ်ခြယ် ပိတ်ပင် တားဆီးသည့် မည်သည့်လုပ်ရပ်မျိုးကိုမဆိုအခိုင်အမာ ဆန့်ကျင်ကြောင်း ယနေ့ မေလ (၃)ရက်တွင် ကျရောက်သည့် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့တွင်NUG က ထုတ်ပြန်လိုက်သည်။

ပြည်သူလူထု၏ သတင်းသိပိုင်ခွင့် ပိုမိုအားကောင်းစေရေး ကြိုးပမ်းအားထုတ်သွားမည်ဖြစ်ကြောင်း၊စာနယ်ဇင်းလွတ်လပ်ခွင့်သည် ပြည်သူလူထု၏ သတင်းအချက်အလက် သိပိုင်ခွင့်နှင့် စဥ်းစားဆင်ခြင်တွေးခေါ်နိုင်စွမ်း မြင့်မားရေးအတွက် အထူး အရေးပါသည်နှင့်အညီ စာနယ်ဇင်းလွတ်လပ်ခွင့်ကို ကန့်သတ်ချုပ်ခြယ် ပိတ်ပင် တားဆီးသည့် မည်သည့်လုပ်ရပ်မျိုးကိုမဆို အခိုင်အမာ ဆန့်ကျင်ကြောင်း NUG ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သတင်းမီဒီယာများ၏ သီးခြားလွတ်လပ်မှု၊ ဘက်မလိုက်မှုနှင့် ဓမ္မဓိဋ္ဌာန်ကျမှုတို့ကို ထိခိုက်စေမည့် ကန့်သတ်တားဆီး ချုပ်ခြယ်မှု မှန်သမျှကို ပြတ်သားစွာ ဆန့်ကျင်ကြောင်း၊ စာနယ်ဇင်း လွတ်လပ်ခွင့် အားကောင်းခိုင်မာစေရေး အားပေးထောက်ခံသွားမည်ကြောင်း၊ပြည်သူလူထု၏ သတင်းသိပိုင်ခွင့် ပိုမိုအားကောင်းစေရေး ကြိုးပမ်းအားထုတ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

လွတ်လပ်သည့် သတင်းမီဒီယာများ သတင်းရယူပိုင်ခွင့် ပိုမိုအားကောင်းစေရေး ကြိုးပမ်းအားထုတ်သွားမည်ဖြစ်ပြီးသတင်းမီဒီယာသမားများအား ခြိမ်းခြောက် နှောင့်ယှက်သည့် မည်သည့်လုပ်ရပ်မျိုးကိုမဆိုပြတ်သားစွာ ဆန့်ကျင်ပြီး ထိုလုပ်ရပ်များ ပပျောက်သွားစေရန်နှင့် သတင်းသမားများကို ကာကွယ်ပေးနိုင်ရန် ကြိုးပမ်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း အမျိုးသားညီညွတ်ရေးအစိုးရမှ ထုတ်ပြန်ထားသည်။

 ပြည်သူလူထုအနေဖြင့် တိုင်းရေးပြည်ရာကိစ္စအဝဝကို သေချာစွာ သိရှိ နားလည် သဘောပေါက်ပြီးအရေးကြီးသည့် ဆုံးဖြတ်ချက်များကို မှန်ကန်စွာ ရွေးချယ် ချမှတ်နိုင်စေရန် စာနယ်ဇင်းလွတ်လပ်ခွင့်နှင့်  လွတ်လပ်၍ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော သတင်းမီဒီယာများ၏ အခန်းကဏ္ဍ အထူးအရေးပါသည်ကိုလေးနက်စွာ အသိအမှတ်ပြုကြောင်း လည်းထုတ်ပြန်ချက်တွင်ပါရှိသည်။

ဒေသဆိုင်ရာ တိုင်းရင်းသားမီဒီယာများ အပါအဝင် လွတ်လပ်၍ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော သတင်း မီဒီယာများ ခိုင်မာအားကောင်းစွာ ရပ်တည်နိုင်ရေး အားပေးထောက်ခံကြောင်းလည်း NUG ကဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရသည် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အစိတ်အပိုင်း (၁)၊ ပုဒ်မ ၄၂ ပါ"သတင်းမီဒီယာများ၏ လွတ်လပ်စွာရပ်တည်ပိုင်ခွင့်၊ လွတ်လပ်စွာ သတင်းရယူပိုင်ခွင့်၊ လွတ်လပ်စွာသတင်းတင်ပြပိုင်ခွင့်တို့အား အကာအကွယ်ပေးရမည်" ဟူသည့် အခြေခံမူဝါဒနှင့်အညီ စာနယ်ဇင်းလွတ်လပ်ခွင့်နှင့် သတင်းမီဒီယာဆိုင်ရာ သဘောထား ရပ်တည်ချက်များကို ထုတ်ပြန်ကြေညာခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

ဆက်စပ် သတင်းများ