စနေ၊ ဇူလိုင်လ ၂၇ရက်၊ ၂၀၂၄

စစ်တပ်၏ လေကြောင်းနှင့် ကုန်းကြောင်းစစ်ဆင်ရေးများတွင် သတင်းလက်ဦးမှုရယူနိုင်ရန် PDF များနှင့် CNF ပူးပေါင်းလုပ်ဆောင်မည်


  • ရေးသူ: Web Master (NN 15)
  • | ရက်စွဲ: ၂၆ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 825

(ပွင့်လင်းရာသီ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု တိုးမြှင့်နိုင်ကြောင်း ပြည်သူကိုသတိပေး)

စစ်ကောင်စီသည်ချင်းပြည်နယ်အား လေကြောင်းနှင့် ကုန်းကြောင်းစစ်ဆင်ရေးများတိုးမြှင့်မည်ဟု သတင်း ရရှိထား၍ တိုင်းရင်းသားလက်နက်များ၊ပြည်သူ့ကာကွယ်ရေးတပ်(PDF)များနှင့်ပူးပေါင်းပြီး သတင်းလက်ဦးမှုရယူနိုင်ရန်ဆောင်ရွက်သွားမည်ဟု ချင်းအမျိုးသားတပ်ဦး (CNF)ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက နိရဥ္စရာသို့ပြောသည်။

ကချင်ရယ်၊ စစ်ကိုင်းရယ်၊ ချင်းရယ်ကတော့ ပွင့်လင်းရာသီမှာတော့ လေကြောင်းတိုက်ခိုက်မှုတွေ စစ်ဆင်ရေးကို ပိုပြီးတော့မြှင့်မယ်လို့ သတင်းရထားတာရှိတယ်။ အဲ့ဒါကြောင့် ပြည်သူကိုကြိုတင်အသိပေးတဲ့အနေနဲ့လုပ်ရတာပါ။ စစ်ကောင်စီတပ်တွေက ပြည်သူကို အကြမ်းဖက်ပြီးတော့ ဦးတည်လာတာတွေရှိတာပေါ့နော်။ အဲ့ကြောင့် ဗုံခိုကျင်းပဲမဟုတ်ဘဲနဲ့ သူလုံခြုံရာ အကာအကွယ်ယူနိုင်တဲ့နေရာတွေ အတတ်နိုင်ဆုံးပေးဖို့လုပ်တယ်။ ပြီးတော့ လေကြောင်းရန် ကာကွယ်ရေးအတွက် သတင်းလက်ဦးမှုတွေ အချိတ်အဆက်ရှိရှိနဲ့၊ သတိရှိရှိနဲ့လုပ်နေပါတယ်” ဟု ပြောသည်။

CNF အခြေစိုက်ရာ ချင်းတောင်အား စစ်အုပ်ချုပ်ရေးကြေညာပြီး မိုးတွင်းကာလတွင် လေကြောင်း တိုက်ခိုက်မှုများနှင့် လက်နက်ကြီးပစ်ခတ်ခြင်းများဖြင့် တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။

ပွင်းလင်းရာသီတွင် ပိုမိုပြင်းထန်လာနိုင်၍ ချင်းပြည်နယ်ဒေသခံများအား ဗုံးခိုကျင်းများတူးထားရန်၊ စစ်ကောင်စီဂိတ်များနှင့် နီးနီးကပ်ကပ်မနေရန်၊ အကာအကွယ်ပေးနိုင်သည့်နေရာများတွင်နေထိုင်ရန်  အသိပေးတပ်လှန့်ထားကြောင်း ဆလိုင်းထက်နီက ပြောသည်။

လေကြောင်းရန်ကာကွယ်ရေးနှင့် ကုန်းကြောင်းစစ်ဆင်ရေးများတွင် သတင်းလက်ဦးမှုရယူနိုင်ရန် Committee for Command, Control and Coordination အဖြစ် CNF အပါအဝင် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)တို့သည် စစ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်နေကြောင်း ဆလိုင်းထက်နီက ဆိုသည်။

“KIOKIA နဲ့ တလျှောက်လုံး ချိတ်ဆက်တာ ရှိပါတယ်။ အဲ့ဒါအပြင် အတတ်နိုင်ဆုံး KNU KNPP အပါအဝင် ကျောင်းသားတပ်မတော်တွေနဲ့သော်လည်းကောင်း မြေပြန့်မှာရှိတဲ့  အဓိက စစ်ကိုင်းတိုင်း၊ မကွေးတိုင်းပေါ့။ အဲ့ဒီမှာရှိတဲ့ PDF တွေနဲ့ ချိတ်ဆက်မှုတွေလုပ်တယ်။ ဒါ့အပြင် ကျွန်တော်တို့အားလုံး စီသရီးဆိုပြီးတော့ စစ်ရေးမှာ အချိတ်အဆက်ရှိရှိ အတတ်နိုင်ဆုံး ဆောင်ရွက်နေပါတယ်” ဟု ပြောသည်။

မင်းတပ်အခြေစိုက် ခလရ ၂၇၄ တပ်ရင်းမှ အောက်တိုဘာ ၁၄ ရက်က ပစ်ခတ်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲသောကြောင့် အသက် ၁၁ နှစ်အရွယ်အမျိုးသားနှင့် ၁၈ နှစ်အရွယ်အမျိုးသမီးတို့ ထိခိုက်မှုရှိခဲ့ကြောင်း ချင်းပြည်နယ် တော်လှန်ရေးတပ်ဖွဲ့များက ထုတ်ပြန်ထားသည်။

ချင်းပြည်နယ်၊ ထန်တလန်မြို့တွင် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးချိန်မှစ၍ စစ်ကောင်စီတပ်က လက်နက်ကြီး အကြိမ်ကြိမ်ပစ်ခတ်ခဲ့ခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်းတို့ကြောင့် အနည်းဆုံး အဆောက်အဦ ၆၉၀ မီးလောင်ပျက်စီးခဲ့ကာ ထန်တလန်မှ ခန့်မှန်းခြေ လူပေါင်း ၁၀,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရကြောင်း သိရသည်။

ဓာတ်ပုံ - CNF

ဆက်စပ် သတင်းများ