ကြာသပတေး၊ ဧပြီလ ၁၈ရက်၊ ၂၀၂၄

တံတားကိုပိတ်ပြီး ကျောက်တင်ကား အောက်ထိုးကျနေ၍ သံတွဲ ခရမ်းမော်ဒေသခံတို့ သွားလာရေးအခက်အခဲဖြစ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ မေ ၂၀၂၀
  • | ကြည့်ရှုသူ: 1.1k

ဆောင်းဇာခြည်

နိရဥ္စရာ၊ မေလ ၃ဝ/ ၂ဝ၂ဝ

မေလ၂၉ ရက် နံနက် ၁ဝ နာရီခန့်က သံတွဲမြို့နယ် ခရမ်းမော်လမ်းပေါ်တွင် ကျောက်တင်ကားတစ်စီး တံတားကျိုးပြီး အောက်ကို ထိုးကျနေသဖြင့် ဒေသခံတို့သွားလာရေးအခက်အခဲဖြစ်နေသည်ဟု သတင်းရရှိသည်။ 

ခရမ်းမော် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်လွင်က “ကျောက်တင်ကားက ရွာကိုဝင်လာတုန်း အဲဒီတံတားကို ဖြတ်စဉ်မှာ တံတားကျိုးပြီး အောက်ကို ထိုးကျသွားတာပါ။ အခု အဲဒီကားက တံတားပေါ်မှာ တွဲကျ နေတယ်ပေါ့။ လူတွေ ထိခိုက်တာတော့ မရှိဘူး။ ကားက တံတားကို ပိတ်ပြီး ထိုးကျနေတော့ တစ်ခြားယာဉ်တွေ၊ ဆိုင်ကယ်တွေ သွားလာလို့ မရတာကြောင့် အခက်အခဲ ဖြစ်နေပါတယ်” ဟု ပြောကြားသည်။

၎င်းကားလမ်းသည် ဒေသအတွင်း အချက်အခြာကျသော လမ်းဖြစ်သဖြင့် ပိတ်မိနေသော ယင်းကားကို  အမြန်ဖယ်ထုတ်ရန်လိုအပ်နေသည့် အပြင် တံတားကိုလည်း ပြန်ပြင်ရန် လိုအပ်နေသည်ဟု ၎င်းက ပြောသည်။  

၎င်းတံတားသည် တောင်ကုတ်-သံတွဲလမ်းမနှင့် ခရမ်းမော်ကျေးရွာအကြား ဆက်သွယ်ထားသည့် ကားလမ်းပေါ်တွင် တည်ရှိပြီး ခရမ်းမော်ကျေးရွာ၏ မြောက်ဘက် ၂ ဖာလုံခန့်တွင် တည်ရှိသည်။

“ အခုလို ဖြစ်နေတော့ သွားလာရေးက အထူးအခက်အခဲဖြစ်နေတယ်။ ဝါးနွယ်ပြင်နဲ့ ခရမ်းမော်ကို ဆက်သွယ်တဲ့ လမ်းသွယ်တစ်ခုရှိတယ်။ အဲဒီလမ်းကပဲ လောလောဆယ် ဆက်သွယ်ရတော့မှာပဲ။ အဲဒီ ဝါးနွယ်ပြင်လမ်းက အရမ်းဆိုးတယ်။ အဲဒီလမ်းမှာက လယ်ပြင်တွေကို ဖြတ်သွားရတဲ့အတွက် ရွံ့တွေလည်း ကျွံတယ်” ဟု ၄င်းက ပြောသည်။

ယင်းတံတား ကျိုးသွား၍ ကျေးရွာသားများ အနေဖြင့် သွားလာရေးနှင့် သယ်ယူပို့ဆောင်ရေး  အခက်ခဲ ဖြစ်နေသောကြောင့် ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနအား တင်ပြသွားမည် ဖြစ်ကြောင်းလည်း ဦးမြင့်လွင်က ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးအား နိရဥ္စရာမှ ဆက်သွယ်ခဲ့ရာ ၄င်းအနေဖြင့် ဖုန်းဖြေဆိုရန် မအားသေးကြောင်း ပြောသည်။ 

သံတွဲမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်က "ဒီတံတားအတွက် အရေးပေါ်ပြင်ဆင်မှု လုပ်ရမှာပေါ့နော်။ ဒီအတိုင်းထားလို့တော့ ဘယ်ရမလဲပေါ့နော်။ အဲဒီတံတားက ငွေနည်းနည်းနဲ့ပြီးမှာမဟုတ်ဘူး။ အကုန်အကျများမယ်ဆိုတော့ အစိုးရကိုပဲ အကူညီတောင်းရတော့မှာပေါ့"ဟု ပြောသည်။


ဆက်စပ် သတင်းများ