ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

ရခိုင်မှမြို့နယ် ၅ ခုတွင် ပိုးတွေ့လူနာကင်းစင်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ စက်တင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 7.6k

ဆောင်းဇာခြည်
နိရဥ္စရာ၊ စက်တင်ဘာ ၂၄/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၅ ခုတွင် ကိုဗစ် - ၁၉ ပိုးတွေ့လူနာများဆေးရုံက ဆင်းခွင့်ရသွားပြီဖြစ်သဖြင့် လက်ရှိကာလတွင် ပိုးတွေ့လူနာ ကင်းစင်သွားပြီဟု သတင်းရရှိသည်။

၎င်းမြို့နယ် ၅ ခုမှာ ရမ်းဗြဲ၊ မာန်အောင်၊ တောင်ကုတ်၊ သံတွဲနှင့် ဂွမြို့နယ်တို့ဖြစ်ကြောင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ စိုးဝင်းပိုင်က ပြောသည်။

 “တပြိုင်တည်းဆင်းကြတာတော့ မဟုတ်ဘူးပေါ့။ တောင်ကုတ်က လူနာက မနေ့က ဆင်းတာ။ သံတွဲမှာက လူနာ ၉ ယောက်ရှိခဲ့တယ်။ အဲဒါမှာ နောက်ဆုံးတစ်ယောက်ကျန်တာ ၂၂ ရက်နေ့က ဆင်းတာပေါ့။ သူဆင်းသွားပြီးတော့ သံတွဲမှာ ဇီရိုဖြစ်သွားတာ။ တောင်ကုတ်က ၈ ယောက်ရှိခဲ့တယ်။ အဲဒါမှာ မနေ့က နောက်ဆုံးတစ်ယောက်ကျန်တာ ဆင်းတယ်။ ကျန်းကျန်းမာမာနဲ့ အကုန်လုံး ဆင်းခွင့်ရခဲ့ပါတယ်” ဟု ဒေါက်တာ စိုးဝင်းပိုင်က နိရဥ္စရာသို့ ပြောသည်။

ယင်း ၅ မြို့နယ်တို့တွင် ကိုဗစ်အတည်ပြုလူနာ ရမ်းဗြဲ၌ ၂ဦး၊ မာန်အောင် ၁ ဦး၊ တောင်ကုတ် ၈ ဦး၊ သံတွဲ ၉ ဦးနှင့် ဂွ၌ ၁ ဦးတို့ ရှိခဲ့ကြောင်း ဒေါက်တာ စိုးဝင်းပိုင်က ဆက်ပြောသည်။

မာန်အောင်ပြည်သူ့ဆေးရုံကြီးတွင် ရှိခဲ့သည့် ကိုဗစ်အတည်ပြုလူနာ ၁ ဦးမှာ စက်တင်ဘာ ၁၁ ရက်နေ့က ဆေးရုံမှ ဆင်းသွားခဲ့ခြင်းဖြစ်ပြီး ဂွဆေးရုံမှ ကိုဗစ်အတည်ပြုလူနာ ၁ ဦးမှာ စက်တင်ဘာ ၁၂ ရက်နေ့က ဆေးရုံမှ ဆင်းခွင့်ရခဲ့ကြောင်း သူက ပြောသည်။

ရခိုင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရသည့် ကျန် မြို့နယ် ၁၂ ခုတို့၌ ကိုဗစ်အတည်ပြုလူနာ ၁၁၈ဝ ဦးရှိကြောင်း သိရသည်။

(ဓာတ်ပုံ- ဂွမြို့နယ်ပြည်သူ့ဆေးရုံမှ လူနာတစ်ဦး ကျန်းမာရေးကောင်းမွန်လာသဖြင့် ဆေးရုံက ဆင်းနေစဉ်)


ဆက်စပ် သတင်းများ