သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

စစ်တွေဘော်ဒါဆောင်တစ်ခုမှ ကျောင်းသူ၅ဦးနှင့်ဆရာမတစ်ဦးတွင် ကိုဗစ်ပိုးတွေ့ရှိသဖြင့် ဘော်ဒါဆောင်တာဝန်ရှိသူကို ဘေးစီမံဥပဒေဖြင့် အရေးယူမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ စက်တင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 8.1k

ထွန်းခိုင်(တောင်ရင်းကျွန်း)
နိရဥ္စရာ၊ စက်တင်ဘာ၂၅/၂ဝ၂ဝ

စစ်တွေဘော်ဒါဆောင်တစ်ခုမှ ကျောင်းသူ ၅ဦးနှင့်ဆရာမတစ်ဦးတွင် ကိုဗစ်ပိုးတွေ့ရှိသဖြင့် ဘော်ဒါဆောင်တာဝန်ရှိသူကို ဘေးစီမံဥပဒေဖြင့် အရေးယူသွားမည်ဟု သတင်းရရှိသည်။

စစ်တွေမြို့၊ ဘောက်သီးစုရပ်ကွက် ဂေါက်ရှီလမ်းရှိ “မြင့်မြတ်မောင်” ဘော်ဒါဆောင်မှ ကျောင်းသူ ၅ ဦးနှင့်၊ ပြင်ပ ဆရာမတစ်ဦးတွင် ယမန်နေ့ စက်တင်ဘာ ၂၄ ရက်နေ့က ကိုဗစ်ပိုးတွေ့ရှိခဲ့သည်။

သို့အတွက် အဆိုပါဘော်ဒါဆောင်အား ဦးစီးလုပ်ကိုင်ဆောင်ရွက်သူ ဆရာဦးမောင်မောင်သိန်းအား ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး မြို့နယ်အဆင့်ကော်မတီမှ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေဖြင့် တရားစွဲဆိုရေးအစီအစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး စစ်တွေ မြို့နယ်အဆင့် ကိုဗစ်- ၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးအဖွဲ့မှ ယနေ့ စက်တင်ဘာ ၂၅ ရက် နေ့စွဲဖြင့် တရားဥပဒေလေးစားလိုက်နာရေးနှင့် တရားစွဲဆိုရေး လုပ်ငန်း ကော်မတီ ဥက္ကဋ္ဌသို့ ပေးပို့သောစာတွင် ဆရာဦးမောင်မောင်သိန်းအား တရားစွဲဆိုရန် ရေးသား ဖော်ပြထားသည်။

“ ကိုဗစ်ရောဂါ ကူးစက်ပျံ့နှံ့မှုကို ဆက်လက်ထိန်းချုပ်ရန် လိုအပ်သဖြင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်များရှိ ဘော်ဒါဆောင် ပုဂ္ဂလိက၊ ကိုယ်ပိုင်အထက်တန်းကျောင်းများ၊ ဘော်ဒါဆောင် များနှင့် ဘာသာရပ်သင် ကိုယ်ပိုင်သင်တန်းများအား ဖွင့်လှစ်ခြင်းမပြုပါကြောင်း ရည်ညွှန်းပါစာဖြင့် အကြောင်းကြားထားပြီဖြစ်သော်လည်း စစ်တွေမြို့၊ ဘောက်သီးစုရပ်ကွက် ဂေါက်ရှီလမ်းရှိ “မြင့်မြတ်မောင်” ဘော်ဒါဆောင်မှာ ခွင့်ပြုချက်မရှိဘဲ ပညာသင်ကြားနေသဖြင့် ကျောင်းသူ (၅) ဦးနှင့် အပြင် ကျောင်းဆရာမ (၁) ဦး၊ စုစုပေါင်း (၆) ဦးတွင် Positive ထွက်ရှိခဲ့ကြောင်း၊ သို့အတွက် အဆိုပါ “မြင့်မြတ်မောင်” ဘော်ဒါ ဆောင်အား ဦးစီးလုပ်ကိုင်ဆောင်ရွက်သူ ဆရာဦးမောင်မောင်သိန်း (၃၂) နှစ်အား ညွှန်ကြားချက်အား လိုက်နာမှု မရှိသည့် အတွက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေဖြင့် တရားစွဲဆို သွားမည်ဟု ဖော်ပြထားသည်။

၎င်းတရားစွဲဆိုမှုကို စက်တင်ဘာ ၃ဝ ရက်နေ့မတိုင်မီ ဆောင်ရွက်သွားမည်ဟု သိရသည်။

အဆိုပါထုတ်ပြန်ချက်နှင့် ပတ်သက်၍ ဆရာဦးမောင်မောင်သိန်းက ၎င်းကျောင်းသူများမှာ ကျောက်တော်၊ ပလက်ဝ၊ ဘူးသီးတောင်မြို့နယ်မှ ကလေးငယ်များဖြစ်ကြပြီး သူတို့မှာ မိမိနေရပ်သို့ပြန်ရန် လမ်းခရီးတွင် အခက်အခဲများရှိနေသဖြင့် မပြန်နိုင်ကြခြင်းသာဖြစ်ကြောင်းနှင့် စာသင်ကြားပြသမှုများလည်း မရှိကြောင်း ပြောဆိုသည်။

 “ ကျောင်းသားတွေက သူတို့နေရပ်ကိုပြန်ရန်အခက်အခဲတွေရှိနေလို့ မပြန်ဘဲ နေကြတာ။ အဆောင်မှာက စာပြတာလည်းမရှိဘူး။ ဒါပေမယ့် ကလေးတွေက သူတို့သဘောအတိုင်း စာကျက်နေကြတာတွေတော့ရှိတယ်။ စစ်တွေမြို့က ကလေးတစ်ဦးမှ မပါဘူး။ အခုကိုဗစ်ဖြစ်တဲ့ ကလေးတွေက အကုန်လုံးမိန်းကလေးတွေ၊ guide ဆရာမကတော့ မောင်တောက သူက ကလေးတွေ လုံခြုံမှုအတွက် အနီးကပ်နေပေးတာဖြစ်တယ်” ဟု ပြောသည်။

“မြင့်မြတ်မောင်” ဘော်ဒါဆောင်တွင် ကျောင်းသား ကျောင်းသူ ၂ဝ ခန့်ရှိပြီး အဆိုပါ မိန်းကလေးငယ် ၅ ဦးမှာ မိမိနေရပ်သို့ ပြန်ရန် အခက်အခဲများကြောင့် ကျန်နေခဲ့သူများသာ ဖြစ်ကာ စစ်တွေမြို့တွင် ကိုဗစ်ဒုတိယလိုင်း စတွေ့ချိန်မှစ၍ ကျောင်းပိတ်ထားပြီးဖြစ်ကြောင်း၊ ယခုတရားစွဲဆိုမှုများနှင့် ပတ်သက်၍ ဥပဒေအရ ရင်ဆိုင် ဖြေရှင်း သွားမည်ဖြစ်ကြောင်း ဆရာဦးမောင်မောင်သိန်းက နိရဥ္စရာသတင်းဌာနသို့ ပြောကြားသည်။

တရားစွဲဆိုမှုအစီအစဉ်များနှင့် ပတ်သက်၍ စစ်တွေမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ဦးအား ဆက်သွယ် မေးမြန်းဖို့ ကြိုးစားခဲ့သော်လည်း ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိ၍ သဘောထားကို မေးမြန်းတင်ပြနိုင်ခြင်း မရရှိခဲ့ပါ။

ဆက်စပ် သတင်းများ