ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ရခိုင်ပြည်နယ်တွင် ကိုဗစ်ပိုးတွေ့ရှိသူအရေအတွက်ကျဆင်းနေသော်လည်း တောင်ကုတ်ရဲစခန်းမှ အချုပ်သား ၁၈ ဦး၌ ကိုဗစ်ပိုးတွေ့ရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ ဇန်နဝါရီ ၂၀၂၁
  • | ကြည့်ရှုသူ: 4.1k

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ ဇန်နဝါရီ၃/၂ဝ၂၁

ရခိုင်ပြည်နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့သူ အရေအတွက် ကျဆင်းနေသော်လည်း တောင်ကုတ်ရဲစခန်းတွင် အချုပ်သား ၁၈ ဦး၌ ယမန်နေ့က ကိုဗစ်တွေ့ရှိခဲ့ရသည်ဟု သတင်းရရှိသည်။

တောင်ကုတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းနိုင်က “ တွေ့တာဟုတ်ပါတယ်။ အတည်ပြုပါတယ်။ အချုပ်သားတွေပါ။ အခုတောင်ကုတ်မှာဆေးကုသနေတယ်။ ရဲစခန်းကို လော့ဒေါင်းချထားပါတယ်။ ပထမ ၄ ယောက်ကို စစ်ဆေးတော့ ပိုးတွေ့တယ်။ အဲဒီကတည်းက လော့ဒေါင်းချထားတယ်ပေါ့။ ပထမ ၄ ယောက်တွေ့တော့ ထပ်စစ်တယ်။ အဲဒီမှ ထပ်တွေ့တယ်။ စုစုပေါင်း ၁၈ ယောက်။ ဟုတ်တယ်” ဟု ပြောကြားသည်။

ယခုပိုးတွေ့ရှိသူများမှာ အချုပ်သားများဖြစ်ကြပြီး ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုများ မဟုတ်ကြောင်း၊ ပိုးတွေ့ရှိသူ အချုပ်သားများအား ကွာရန်တင်းထားသလို ထိတွေ့မှု မရှိသဖြင့် ရဲတပ်ဖွဲ့ဝင်များအားကူးစက်မှု မရှိကြောင်း ပြောကြားသည်။

တောင်ကုတ်မြို့နယ် ကုတင် ၁ဝဝ ဆံ့ဆေးရုံအုပ်ကြီး ဒေါက်တာလှထွန်းဇော်ကလည်း တောင်ကုတ်မြို့ရဲစခန်းတွင် အချုပ်သား ၁၈ ဦးတွင် ကိုဗစ်ပိုးတွေ့ရှိသည်ကို နိရဥ္စရာ သတင်းဌာနသို့ အတည်ပြု ပြောကြားသည်။

“တွေ့တာ ဟုတ်ပါတယ်။ အချုပ်သား ၁၈ ဦးမှာတွေ့တယ်။ အရပ်သား ၄ ဦးရှိတယ်။ ၂၂ ဦးစလုံးကို တောင်ကုတ်မြို့နယ်ဆေးရုံမှာကုသထားပါတယ်။ ကွာရန်တင်း ဝင်နေရသူက စုစုပေါင်း ၅ဝ လောက်တော့ရှိမှာပါ” ဟု ပြောကြားသည်။

တောင်ကုတ်မြို့နယ်တွင် ယမန်နေ့က ကိုဗစ်ပိုးတွေ့ရှိသူ ၁၈ ဦးထိ တိုးလာခဲ့သော်လည်း ရခိုင်ပြည်နယ်တွင် တစ်ခြားမြို့နယ်များတွင် ပိုးတွေ့သူအရေအတွက်မှာ ကျဆင်းလာသည်ဟု သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ (၁-၁-၂ဝ၂၁) ရက်နေ့ ဓာတ်ခွဲ စစ်ဆေးသူ များစာရင်းကို ထုတ်ပြန်ရာ ဇန်နဝါရီ ၂ ရက် ညနေ  ၃ နာရီထုတ်ပြန်ချက်တွင် တစ်နိုင်ငံလုံး ပိုးတွေ့လူနာ (၄၁၂) ဦးရှိခဲ့ပြီး ရခိုင်ပြည်နယ်တွင် ၃ ဦးသာတွေ့ရှိခဲ့သည်။ ၎င်းတွေ့ရှိခဲ့သူများမှာ စစ်တွေ၊ ကျောက်ဖြူနှင့် တောင်ကုတ်တွင် တစ်ဦးစီဖြစ်ကြသည်။

၂ဝ၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက် ည ၅ နာရီ ထုတ်ပြန်ချက်အရ တစ်နိုင်ငံလုံး ပိုးတွေ့လူနာ ၇၆၇ ဦးတွင် ရခိုင်မှာ (၆) ဦးပါဝင်ပြီး ၎င်းတို့မှာ တောင်ကုတ် ၂ ဦး၊ ကျောက်ဖြူ ၂ ဦး၊ စစ်တွေနှင့်သံတွဲတစ်ဦးစီဖြစ်ကြသည်။

စစ်တွေမြို့ ခုတင် ၅ဝဝ ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် ဇန်နဝါရီ ၂ ရက်နေ့ထိ ကိုဗစ်ပိုးတွေ့ရှိပြီးနောက် ဆေးရုံက ဆင်းခွင့်ရသူ ၁၃၉၃ ဦးရှိပြီး လက်ရှိ ၈ ဦးသာ ကျန်ရှိကာ ထိုအထဲမှ ၅ ဦးကို အောက်စီဂျင်သွင်းပြီး ကုသထားရကြောင်း၊ စစ်တွေတွင် ကိုဗစ်လူနာ သေဆုံးသူ ၁၈ ဦးရှိကြောင်း၊ စစ်တွေဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်၏ ပို့စ်တွင် ရေးသားဖော်ပြထားသည်။

ရခိုင်ပြည်နယ်တွင် ၁၆-၈-၂ဝ၂ဝ မှ ၂၅-၁၂-၂ဝ၂ဝ ထိ ကိုဗစ်၁၉ ပိုးတွေ့ရှိသူ အရေအတွက် ၄ဝ၄၆ ဦးရှိပြီး ဆေးရုံက ဆင်းခွင့်ရသူ ၃၇၅၆ ဦးရှိပြီး သေဆုံးသူ ၃၃ ဦးရှိကြောင်း Rakhine Covid-19 Watch ၏ ထုတ်ပြန်ချက် စာရင်းအရ သိရှိရပါသည်။

ဆက်စပ် သတင်းများ