ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ကျောက်ဖြူမှ လေယာဉ်ဖြင့်သွားမည့် သံဃာတော်တစ်ပါးနှင့်အမျိုးသားတစ်ဦးတို့၌ကိုဗစ်ပိုးတွေ့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ ဇန်နဝါရီ ၂၀၂၁
  • | ကြည့်ရှုသူ: 989

ဇော်ဝင်းဌေး( ငခူချောင်း)
နိရဥ္စရာ၊ ဇန်နဝါရီ ၄ /၂ဝ၂၁

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် လေယာဉ်ဖြင့်သွားမည့် သံဃာတော်တစ်ပါးနှင့် အမျိုးသားတစ်ဦးတို့၌ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။

ရန်ကုန်သို့ မြန်မာအမျိုးသားလေကြောင်းလိုင်းဖြင့် လိုက်ပါမည့် ခရီးသည် (၄၈) ဦးအား ဇန်နဝါရီ ၂ ရက်နေ့က ကျောက်ဖြူမြို့၊ အလယ်ပိုင်းရပ်ကွက်ရှိ သာသနာ့ဗိမာန်ဆောင်တွင် ကျန်းမာရေးဌာနမှ ဝန်ထမ်းများက (RDT) စနစ်ဖြင့် စစ်ဆေးခဲ့ရာတွင် ထိုသို့ တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ကျောက်ဖြူခရိုင် ဆေးရုံအုပ်ကြီး ဒေါက်တာ ရဲလွင်မောင်က “ ကိုဗစ်ပိုးတွေ့သူတွေက မနက်ဖြန် လေယာဉ်ခရီးသွားကြမယ့် သူတွေပါ။ ဟိုတစ်နေ့က စစ်ဆေးရာမှာ ပိုးတွေ့တာပါ။ ပြည်သူတွေကို တိုက်တွန်းချင်တာက မလိုအပ်ဘဲ အပြင်မထွက်ပါနဲ့၊ Mask တပ်ပါ၊ လက်ကို မကြာခဏဆေးပါ၊ လူစုလူဝေးရှောင်ကြပါ ။  ကျန်းမာရေးနဲ့အားကစား ဝန်ကြီးဌာနက ချမှတ်ထားတဲ့ စည်းကမ်းတွေကို လိုက်နာကြပါ” ဟု နိရဥ္စရာသို့ ပြောသည်။

ကျောက်ဖြူမြို့တွင် လေယာဉ်စီးနင်းလိုက်ပါကြမည့် ခရီးသည်များကို လူတစ်ဦးလျှင် တစ်သောင်းကျပ်ဖြင့် လေယာဉ်မထွက်မီ တစ်ရက်ကြိုတင်၍ မွန်းလွဲ ၁ နာရီမှ ၃ နာရီအတွင်း သာသနာ့ဗိမာန်ဆောင်တွင် ကျန်းမာရေးစစ်ဆေးမှုများကို ပြုလုပ်လျှက်ရှိကြောင်း သိရသည်။

အဆိုပါပိုးတွေ့ရှိသူနှစ်ယောက်ကိုလေးဝတီကုလရက္ခိတ-ပရဟိတအသင်း(ကျောက်ဖြူ)မှ ခရိုင်ပြည်သူ့ ဆေးရုံကြီးသို ပို့ဆောင်ပေးခဲ့ကြောင်း လေးဝတီကုလရက္ခိတအသင်း ဥက္ကဋ္ဌ ကိုဂျပန်ကြီး က  ပြောသည်။

“ ကိုဗစ်ပိုးကြောင့် လူတွေရဲ့ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးတွေမှာ အစစအရာရာ ထိခိုက်ကုန်ကြတယ်။ ပြည်သူတစ်ယောက်အနေနဲ့ကတော့  အစိုးရအနေဖြင့်လည်း စည်းကမ်းများကို စနစ်တကျ ချမှတ် ပေးစေချင်ပါတယ်” ဟုပြောသည်။

ရခိုင်ပြည်နယ်တွင် ၂၅-၁၂-၂ဝ၂ဝ ရက်နေ့အထိ ကိုဗစ်ပိုးတွေ့ရှိသူ အရေအတွက် ၄ဝ၄၆ ဦးရှိပြီး ဆေးရုံကဆင်းခွင့်ရသူ ၃၇၅၆ ဦးရှိပြီး သေဆုံးသူ ၃၃ ဦးရှိကြောင်း Rakhine Covid -19 Watch ၏ ထုတ်ပြန်ချက်စာရင်းအရ သိရသည်။


 Credit- IPRD Kyaukpyu

ဆက်စပ် သတင်းများ