ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

စစ်တွေဆေးရုံကြီးတွင် ကိုဗစ်အတည်ပြုလူနာတစ်ဦးထပ်မံသေဆုံး၊ ရခိုင်တွင်ကိုဗစ်ဖြင့်သေဆုံးသူ ၃၆ ဦးထိရှိလာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဇန်နဝါရီ ၂၀၂၁
  • | ကြည့်ရှုသူ: 1.8k

ဇော်ဝင်းဌေး( ငခူချောင်း)
နိရဥ္စရာ၊ ဇန်နဝါရီ ၇ /၂ဝ၂၁

ရခိုင်ပြည်နယ်၊ ခုတင်၅ဝဝဆံ့ စစ်တွေဆေးရုံကြီးတွင် ယနေ့နံနက် ၉ နာရီခန့်က ကိုဗစ်အတည်ပြုလူနာတစ်ဦး ထပ်မံ သေဆုံးကြောင်း သတင်းရရှိသည်။

လက်ရှိ စစ်တွေဆေးရုံကြီးတွင် ကိုဗစ်အတည်ပြုလူနာ သေဆုံးသူ (၁၉) ဦးထိ ရှိနေပြီ ဖြစ်ပြီး ရခိုင်ပြည်နယ် တစ်ခုလုံးတွင် ၃၆ ဦး ရှိနေပြီဟု သိရသည်။

ယနေ့သေဆုံးသူမှာ ဘူးသီတောင်မြို့နယ်မှ အသက် (၇၆) နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ကြောင်း  ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ စိုးဝင်းပိုင်က နိရဥ္စရာသို့ ပြောသည်။

“ ကိုဗစ်ကြောင့် သေဆုံးသွားတာ ဟုတ်ပါတယ်။  လူနာက အိမ်မှာ ၅ ရက်လောက် ချောင်းဆိုးတယ်။ ၂ ရက်လောက် မောတယ်။ ပြီးတော့ ဆေးရုံရောက်လာတာပါ” ဟုပြောသည်။

ကိုဗစ်အန္တာရာယ်မှ ကင်းဝေးစေရန်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ချမှတ်ထားသော စည်းကမ်းများကို လိုက်နာကြစေလိုကြောင်း ဒေါက်တာ စိုးဝင်းပိုင်က ဆက်ပြောသည်။

ရခိုင်ပြည်နယ်တွင် ကိုဗစ်ကြောင့် သေဆုံးသူတဖြည်းဖြည်းတိုးလာနေပြီး ကိုဗစ်ကပ်ရောဂါသည် ယနေ့အချိန်ထိ ကမ္ဘာပေါ်တွင် ပပျောက်မူမရှိသေးသဖြင့် ပြည်သူလူထုများအနေဖြင့် သတိပြုစေချင်သည်ဟု ရခိုင်ကိုဗစ်-၁၉ စောင့်ကြည့်လေ့လာရေးအဖွဲ့ မှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ကိုဇော်လိုင်ထွန်းက ပြောသည်။

“ ရခိုင်မှာ ဒီနေ့တစ်ယောက်ကိုဗစ်နဲ့ ထပ်ဆုံးတယ်။ သေဆုံးသွားသူက သက်ကြီးအရွယ်ပါ။ ဒီနေ့ သေဆုံးတာပါ။ ဒါကြောင့် မလိုအပ်ဘဲ အပြင်မထွက်ကြပါနဲ့” ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် ဇန်နဝါရီ ၇ ရက် အထိ ကိုရိုနာဗိုင်းရပ်စ် ရောဂါကြောင့် သေဆုံးသူ ၃၆ ထိရှိလာနေပြီး ရောဂါကူးစက်ခံထားရသူ ၄ဝ၆၅ ဦး၊ ဆေးရုံဆင်းခွင့်ရသူ ၃၇၉၅ ဦးရှိကြောင်း ရခိုင်ကိုဗစ်စောင့်ကြည့် လေ့လာရေးအဖွဲ့ စာရင်းအရ သိရသည်။

ကမ္ဘာပေါ်တွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါကို ကာကွယ်ထိန်းချုပ်ရန်အတွက် ကာကွယ်ဆေးများထုတ်လုပ်နေကြပြီး မြန်မာနိုင်ငံတွင်လည်း ၂ဝ၂၁အတွင်း ကာကွယ်ဆေးစတင်ထိုးပေးနိုင်မည် နိုင်ငံတော်အတိုင်ပိုင်ခံ ဒေါ်အောင်ဆန်းစုကြည်က နှစ်သစ်ကူး မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

 မြန်မာနိုင်ငံတွင်  ဇန်နဝါရီ ၇ ရက်နေ့အထိ ရောဂါကူးစက်ခံထားရသူ ၁၂၈၁၇၈ ဦး၊ ဆေးရုံဆင်းခွင့်ရသူ ၁၁၁၄ဝ၁ ဦးနှင့် သေဆုံးသူ ၂၇၈၅ ဦး ရှိကြောင်း သိရသည်။

ဆက်စပ် သတင်းများ