ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

ရခိုင်မှ ကျန်းမာရေးဝန်ထမ်းပေါင်း ၄ဝဝဝ ကျော်အား ကိုဗစ်ကာကွယ်ဆေး စတင်ထိုး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ ဖေဖော်ဝါရီ ၂၀၂၁
  • | ကြည့်ရှုသူ: 4.3k

ထွန်းခိုင် (တောင်ရင်းကျွန်း)၊ ဇွဲဓန (ကိန်းသာမြေ)
နိရဥ္စရာ၊ ဇန်နဝါရီ ၂၇ / ၂၀၂၁

ရခိုင်ပြည်နယ်ရှိ ကျန်းမာရေးဝန်ထမ်းပေါင်း ၄ဝဝဝ ကျော်ကို အိန္ဒိယနိုင်ငံမှပေးပို့လိုက်သည့်ကိုဗစ်ကာကွယ်ဆေးများအား ယနေ့ စတင်ထိုးပေးနေပြီဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်ရှိ ကျန်းမာရေးဝန်ထမ်းပေါင်း ၄၄ဝဝ ကျော်ကို ယနေ့ ဇန်နဝါရီလ ၂၇ ရက်နေ့ နံနက်မှစတင်ကာ ဇန်နဝါရီလ ၂၈ ရက်နေ့အထိ မြို့နယ်အသီးသီးရှိ ဆေးရုံများတွင် စတင်ထိုးပေးနေခြင်းဖြစ်သည်။

စစ်တွေပြည်သူ့ဆေးရုံကြီးတွင်လည်း ကျန်းမာရေးဝန်ထမ်း ဦးရေ ၄၂၀ ရှိသည့်အနက် ဦးရေ ၁၀၀ အား ယနေ့တွင် ကိုဗစ်ကာကွယ်ဆေး စတင်ထိုးပေးနေကြောင်း ဆေးရုံအုပ် ဒေါက်တာ ဇော်လွင်က ပြောသည်။

၄င်းက ̏ ဒီကိုဗစ်ကာကွယ်ဆေးဟာ ဆေးတစ်လုံးမှာ လူဆယ်ယောက်အတွက်ပါတယ်။ ဆေးတစ်လုံးကိုဖွင့်ပြီးရင် ဒီဆေးကို ၆ နာရီအတွင်းမှာ ပစ်လိုက်ရတယ်။ ဆိုတော့ ဆေးလည်းလစ်လပ်မှုမရှိအောင် ဝန်ထမ်းတွေလည်း ထိုးလို့ရအောင် ဆရာတို့က ကြိုတင်သတိပေးပြီးတော့မှ ဒီဆေးကို ကျနော်တို့ထိုးတယ်။ ထိုးတဲ့အခါမှာတော့ အနည်းနဲ့အများတော့ စိုးရိမ်မှုတယ်ရှိကြတယ်။ ကျန်းမာရေးဝန်ထမ်းတွေဆိုတာက လူနာတွေကို စတင်ထိတွေ့ရတဲ့ လူတွေဖြစ်တယ်။ ဒီလူတွေ ကျန်းမာရေးကောင်းအောင် ကာကွယ်မှုပေးနိုင်မယ်ဆိုရင် ပြည်သူတွေကို ပိုပြီးတော့ ကာကွယ်မှုပေးနိုင်မှာဖြစ်တယ်။ ဒုတိယအကြိမ်ကို ၄ ပတ်ကြာတဲ့အခါ ပြန်ထိုးရမယ်။ ဒီဆေးမှာ ဓာတ်ကိုးမျိုးရှိတယ်။ အဲဒီ ဓာတ်ကိုးမျိုးနဲ့ မတည့်ရင်ထိုးလို့မရဘူး။ နောက်တစ်ချက်က ပထမအကြိမ်၊ ဒုတိယအကြိမ်ဖြစ်တဲ့အတွက် ပထမတစ်ကြိမ်မှာထိုးလို့မတည့်ရင် ဒုတိယအကြိမ်မှာ ထိုးလို့မရတော့ဘူး။ နောက်တစ်ခုက ကိုယ်ဝန်ဆောင်တွေနဲ့ နို့တိုက်မိခင်တွေကို မထိုးဘူး။ ̋ ဟုပြောသည်။

၄င်းကိုဗစ်ကာကွယ်ဆေးအား ဆေးပညာရှင်များက စမ်းသပ်ထုတ်လုပ်ထားသည့်အတွက် ယုံကြည်မှုရှိကြောင်း စစ်တွေပြည်သူ့ဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်နေသော သူနာပြုဆရာမ ဒေါ်တင်မေမီကျော်က ပြောသည်။

သူနာပြုဆရာမ ဒေါ်တင်မေမီကျော်က ̏ ဒီရောဂါက တစ်နိုင်ငံလုံးမှာ ဖြစ်နေတဲ့ဆိုတော့ လူတွေပိုပြီး အသေအပျောက် မများဖို့အတွက် ကာကွယ်ဆေးကိုတော့ ထိုးကိုထိုးရမယ်။ အခုက ပထမဆုံး ထိုးရမယ်ဆိုတော့ ကြောက်တော့ကြောက်ပါတယ်။ ဒီဆေးကို ဆေးပညာရှင်အကုန်လုံးက လုပ်ထားတာဆိုတော့ ယုံကြည်ပါတယ်။ ̋ ဟုပြောသည်။

အဆိုပါကိုဗစ်ကာကွယ်ဆေးကို အိန္ဒိယနိုင်ငံက ထုတ်လုပ်ထားသော်လည်း အင်္ဂလန်နိုင်ငံမှာ စမ်းသပ်ထားပြီးသော ၄င်းကာကွယ်ဆေးအား ယုံကြည်မှုရှိကြောင်း စစ်တွေပြည်သူ့ဆေးရုံကြီးမှ စိတ်ကျန်းမာရေးဆရာဝန် ဒေါက်တာ သန်းဝင်းနိုင်က ပြောသည်။

ဒေါက်တာ ဝင်းသန်းနိုင်က ̏ ကျနော်တို့က ကိုဗစ်ရောဂါကို တွန်းလှန်တိုက်ခိုက်မယ်ဆိုရင် ဒီကာကွယ်ဆေးက အဓိက ကျတယ်။ အဲဒီအတွက် ကျနော်တို့က ကိုဗစ်တိုက်ခိုက်ရေးမှာ ပါဝင်လုပ်ဆောင်တဲ့သဘောနဲ့ ဒီဆေးကို ထိုးတာလည်းပါတယ်။ ကိုဗစ် Positive လူနာတွေနဲ့ ထိတွေ့မှုရှိနေရတဲ့အတွက် ကျနော်လည်း ကာကွယ်ဆေးကို ထိုးလိုက်တာပါ။ ဒီဆေးကို အိန္ဒိယက ထုတ်တဲ့ဆေးဆိုပေမယ့် အင်္ဂလန်မှာ စမ်းသပ်ပြီးသားပါ။ ပြီးတော့ ဒီဆေးကို ကျနော်အနေနဲ့ ကောင်းလိမ့်မယ်လို့ ယုံကြည်ပါတယ်။”ဟု ပြောသည်။

ကိုဗစ်ရှီး(COVISHIELD)ဟု အမည်ပေးထားသည့် အဆိုပါကာကွယ်ဆေးများသည် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ဇန်နဝါရီလ ၂၄ ရက်နေ့တွင်ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ ယခုရောက်ရှိလာသည့် ဆေးများကို ရခိုင်ပြည်နယ်ရှိ ကျန်းမာရေးဝန်ထမ်းပေါင်း ၄၄ဝဝ ကျော်ကို ဇန်နဝါရီလ ၂၇ ရက်နေ့နှင့် ၂၈ ရက်နေ့တို့တွင် ဦးစားပေး ထိုးနှံပေးနေခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါဆေးများသည် အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့ ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ရောက်ရှိလာခြင်းဖြစ်ပြီး မြန်မာနိုင်ငံကို အိန္ဒိယနိုင်ငံအစိုးရက လက်ဆောင်အဖြစ် ပေးပို့လှူဒါန်းလိုက်ခြင်းလည်းဖြစ်သည်။ ဆေးအလုံးရေ တစ်သန်းခွဲရောက်ရှိလာခြင်းဖြစ်ပြီး တိုင်းနှင့်ပြည်နယ် အားလုံးရှိ လူဦးရေ ခုနစ်သိန်းခွဲကို အခမဲ့ ထိုးပေးသွားမည်ဟုလည်း အစိုးရက စီစဉ်ထားသည်။ အဆိုပါဆေးသည် လူတစ်ဦးကို (၂)ကြိမ်ထိုးပေးရမည်ဖြစ်ပြီး လူဦးရေ ခုနစ်သိန်းခွဲကိုသာ လောလောဆယ် ထိုးပေးနိုင်ဦးမည်ဖြစ်သည်။ တစ်ကြိမ်ထိုးပြီးနောက် ၂၈ ရက်ကြာလျှင် နောက်တစ်ကြိမ်ထပ်ထိုးပေးရမည်ဟုလည်း သိရသည်။

အဆိုပါကိုဗစ်ကာကွယ်ဆေး အလုံးရေ သန်း (၃ဝ)ကို မြန်မာအစိုးရက အိန္ဒိယအစိုးရထံမှ ဝယ်ယူထားပြီး ဖေဖော်ဝါရီလ ပထမပတ်နှင့် ဒုတိယပတ်အတွင်းတွင် မြန်မာနိုင်ငံသို့ ထပ်မံရောက်လာမည်ဟုလည်း သိရသည်။

ဆက်စပ် သတင်းများ