ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ဘင်္ဂလားဒေ့ရှ်မှ ပြန်ဝင်လာသူ ၆ ဦးတွင် ကိုဗစ်ထပ်တွေ့၊ ၁၀ ရက်အတွင်း စစ်တွေတွင် ကိုဗစ်ပိုးတွေ့သူ ၁၂ ဦးအထိရှိလာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ မေ ၂၀၂၁
  • | ကြည့်ရှုသူ: 8.9k

ထွန်းခိုင် (တောင်ရင်းကျွန်း)

နိရဉ္စရာ၊ မေ ၂၂ / ၂၀၂၁

ယမန်နေ့ (မေ ၂၁) နေ့ စစ်ဆေးချက်အရ နယ်စပ်ကုန်သွယ်ရေးဖြင့် ဘင်္ဂလားဒေ့ရှ်မှ ပြန်ဝင်လာသူ ၆ ဦးတွင်  ကိုဗစ်-၁၉  ထပ်မံတွေ့ရှိကြောင်း ရခိုင်ပြည်နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က အတည်ပြု ပြောသည်။

 ၆ ယောက်ထပ်တွေ့ပါတယ်။ နယ်စပ်ကုန်သွယ်ရေး ဝင်လာတဲ့သူတွေပါ။ အခု ၁၂ ဦးရှိသွားပါပြီ။ လူနာတွေက ကိုဗစ်ပိုးတွေ့ပေမယ့် သိပ်စိုးရိမ်စရာကြီးတော့ မရှိပါဘူး။ စစ်တွေဆေးရုံ ကိုဗစ်ကုသဆောင်မှာထားပြီး ကုသနေပါတယ်ဟုပြောသည်။

ဘင်္ဂလာဒေ့ရှ်နှင့် နယ်စပ်ကုန်သွယ်ရေး လုပ်ကိုင်နေသူများကို ကွာရန်တင်းဝင်ခိုင်းထားပြီး စစ်ဆေးရာမှ တွေ့ရှိခြင်း ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သောမေလ ၁၂ ရက်နေ့မှစ၍ စစ်တွေတွင် ကိုဗစ်ပိုးတကျော့ပြန် ထပ်မံတွေ့ရှိခဲ့ပြီး လက်ရှိအချိန်ထိ စစ်တွေဆေးရုံတွင် ကိုဗစ်လူနာ ၁၂ ဦးရှိကြောင်း သိရှိရသည်။

ယခုတွေ့ရှိသော ကိုဗစ်လူနာများ၏ ကျန်းမာရေးအခြေအနေများနှင့်ပတ်သက်၍ မေးမြန်းရန် စစ်တွေဆေးရုံအုပ် ဒေါက်တာကြည်လွင်သို့ နိရဥ္စရာသတင်းဌာနမှ တယ်လီဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိပါ။

မေလ ၁၉ ရက်နေ့က ဆက်သွယ်မေးမြန်းချက်အရ ယခင်က ပိုးတွေ့ရှိသော ကိုဗစ်လူနာများမှာ ကျန်းမာရေအခြေအနေကောင်းမွန်ပြီး ၁၁ ရက် ဆေးကုသမှုခံယူပြီးလျှင် ဆေးရုံမှ ဆင်းခွင့်ပြုမည်ဟု ဒေါက်တာကြည်လွင်က ဖြေဆိုထားသည်။

စစ်တွေတွင် မေ ၁၂ ရက်နေ့က ဦး၊ မေ ၁၄ ရက်နေ့နှင့် ၁၈ ရက်နေ့က တစ်ဦးစီတွေ့ရှိခဲ့သည်။

လက်ရှိ မြန်မာ့အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်လည်း ကိုဗစ်-၁၉ တတိယလှိုင်းနှင့် ရင်ဆိုင်နေရပြီး ကော့စ်ဘဇားခရိုင်အတွင်းရှိ မြန်မာနိုင်ငံမှ ထွက်ပြေးလာသည့် မူဆလင် ဒုက္ခသည် စခန်း  (၅) ခုကိုလည်း အသွားအလာပိတ်ပင်ကာ လော့ဒေါင်းချထားလိုက်ပြီဟု သိရသည်။

ရခိုင်တွင် ယခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့အထိ ကိုဗစ်ရောဂါဖြစ်ပွားမှုကြောင့် လူပေါင်း ၃၇ ဦးသေဆုံးသွားပြီး ၄၂၆၄ ဦး ရောဂါကူးစက်ခံခဲ့ရသည်။

ဆက်စပ် သတင်းများ