ကြာသပတေး၊ ဧပြီလ ၁၈ရက်၊ ၂၀၂၄

စစ်တွေတွင် Delta မျိုးစိတ် ကိုဗစ်ပိုးရှိသူတစ်ဦးတွေ့ပြီးနောက် စစ်တွေအပါဝင် မြို့ ၃ မြို့တွင် Mask မတပ်ဘဲ အပြင်ထွက်သူများအား ဖမ်းဆီးနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ စက်တင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 3.9k


ချစ်အိလှိုင်
နိရဥ္စရာ၊ စက်တင်ဘာ ၃/ ၂ဝ၂၁
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ကိုဗစ်မျိုးရိုးဗီဇပြောင်း Delta မျိုးစိတ်ပိုးရှိသူတစ်ဦးတွေ့ရှိပြီးနောက် စစ်တွေအပါအဝင် မြို့ ၃ မြို့တွင် နှာခေါင်းစည်းမတပ်ဘဲ အပြင်ထွက်သူများအား ဖမ်းဆီး၍ ဆေးစစ်ချက်ယူနေကြောင်း သတင်းရရှိသည်။
စစ်တွေအပါအဝင် မောင်တောနှင့် ဘူးသီးတောင်မြို့နယ်တို့တွင် စက်တင်ဘာ ၁ ရက်မှစတင်ကာ နှာခေါင်းစည်း (Mask)မတပ်ဘဲ အပြင်ထွက်သူများအား ဖမ်းဆီး၍ ဆေးစစ်ချက်ယူနေခြင်းဖြစ်သည်။
စစ်တွေမြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်လွင်က “စစ်တွေက အထူးမြို့နယ်လို့သတ်မှတ်ထားတဲ့အထဲမှာပါတဲ့အတွက် ကျွန်တော်တို့က အဓိက နှာခေါင်းစည်းမတပ်သူတွေကို လိုက်ဆွဲပြီး ဆေးစစ်ချက်နမူနာယူနေတာပါ။ ပိုးတွေ့တဲ့လူတွေကို ဆေးရုံကိုတစ်ခါတည်းပို့ပါတယ်။ ဒီနေ့မနက်က စစ်တွေမြို့အဝင်နားမှာ အယောက်ငါးဆယ်စစ်တာ တစ်ယောက်တွေ့ပါတယ်” ဟုပြောသည်။
အဆိုပါ(၃)မြို့တွင် စက်တင်ဘာလ(၁)ရက်မှ စက်တင်ဘာ(၃) ရက်အတွင်း ဖမ်းဆီးစစ်ဆေးခဲ့ရာ စစ်တွေတွင် ယနေ့ နံနက်ပိုင်း၌ ကိုဗစ်ပိုးတွေ့သူတစ်ဦး ရှိခဲ့သည်ဟု သိရသည်။
နောက်နေ့များတွင်လည်း ယခုကဲ့သို့ ရှောင်တခင် ဖမ်းဆီးကာ ဆေးစစ်ချက်များယူသွားဦးမည်ဟုလည်း သိရသည်။
Mask မတပ်သူတွေ့လျှင် ဆေးရုံသို့ခေါ်ပြီး နှာခေါင်းတို့ဖတ်ယူခြင်း၊ test kit နှင့် စစ်ဆေးခြင်းတို့ကို လုပ်နေပြီး ပိုးတွေ့လျှင် ဆေးရုံတက်စေပြီး မိသားစုများကို ဆက်စစ်ခြင်းနှင့် QUARANTINE Home stay ထားခြင်းများကိုလုပ်နေသည်ဟုလည်း ရခိုင်ပြည်နယ်အစိုးရက ကြေညာထားသည်။
၄င်းအပြင် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ကုန်သွယ်ရေးဂိတ်နှစ်ခုအခြေစိုက်ရာ မောင်တောမြို့နှင့် ဘူးသီးတောင်မြို့နယ်တို့တွင်လည်း နှာခေါင်းစည်းမတပ်သူများကိုဖမ်းဆီးပြီး ဆေးရုံပို့၍ အလားတူစစ်ဆေးမှုများပြုလုပ်နေကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ယမန်နေ့ စက်တင်ဘာ ၂ ရက်တွင် ထုတ်ပြန်ထားသည်။
မြန်မာတစ်နိုင်ငံလုံးတွင် ကိုဗစ်မျိုးရိုးဗီဇပြောင်း Delta မျိုးစိတ်ပိုးရှိသူ နေပြည်တော်မှ(၅) ဦး၊ ရန်ကုန်မှ (၂) ဦး၊ မန္တလေးမှ(၂) ဦး၊ စစ်တွေ၊ တောင်ငူ၊ လားရှိုး၊ မော်လမြိုင်၊ မုံရွာနှင့် ကလေးမြို့တို့မှ (၁) ဦးစီ၊ စုစုပေါင်း(၁၅) ဦးတွေ့ရှိထားပြီဟုလည်း ကျန်းမာရေးဝန်ကြီးဌာနက သြဂုတ် ၃၁ ရက်တွင် ထုတ်ပြန်ထားသည်။
ဓာတ်ပုံ - သိကြားစေချင် ငွေသဇင်

57 Comments

ဆက်စပ် သတင်းများ