သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ရခိုင်မှ လူ ၅ သောင်းအား Vitamin D3 ကိုယ်ခံအားမြှင့်ဆေးရည် တိုက်ကျွေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ စက်တင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 7.8k


နောင်ခိုင်အောင်
နိရဥ္စရာ၊ စက်တင်ဘာ ၁၃ / ၂ဝ၂၁
ရခိုင်ပြည်နယ်အတွင်းမှ လူပေါင်း ၅ သောင်းအား Vitamin D3 ကိုယ်ခံအားမြှင့်ဆေးရည်ကို တိုက်ကျွေးနေကြောင်း သိရသည်။
ရခိုင်ပြည်နယ်အတွင်းမှ သံတွဲ၊ ဂွနှင့် ရသေ့တောင်မြို့နယ်များမှ လူပေါင်း ၅ သောင်းကို ယမန်နေ့ စက်တင်ဘာလ ၁၂ ရက်မှစတင်တိုက်ကျွေးနေခြင်းဖြစ်သည်ဟု သိရသည်။
ငပလီမြို့ ကိုဗစ်ကာကွယ်ထိန်းချုပ်ကုသရေးစင်တာမှ ပို့ဆောင်ရေးတာဝန်ခံ ကိုသက်လွင်ဖြိုးက “ကိုဗစ်ကာကွယ်ဆေးတော့ မဟုတ်ဘူး။ အဓိကတော့ ကိုယ်ခံအားရှိစေဖို့အတွက်ပါ။ ကိုဗစ်ကူးစက်ခံရတယ်ဆိုရင်တောင် အောက်ဆီဂျင်မကျစေဘူးပေါ့။ နောက်ပြီးတော့ အသက်ကြီးတဲ့လူတွေလည်း ဒူးနာ၊ ခါးနာ၊ အဆစ်အရိုးပွတာတွေကို သက်သာစေတဲ့ အားဆေးတစ်မျိုးပါ”ဟု ပြောသည်။
အဆိုပါဆေးရည်ကို မြန်မာ့ဆောက်လုပ်ရေးလုပ်ငန်းအသင်းချုပ်ရုံး(MCEF)ဥက္ကဋ္ဌ ဦးရှိန်ဝင်းတို့မိသားစုက မြန်မာတစ်နိုင်ငံလုံးရှိ ကိုဗစ်ရောဂါကူးစက်မှုများနေသည့်ဒေသများအတွက် လှူဒါန်းပေးနေခြင်းဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်း သံတွဲ၊ ဂွနှင့် ရသေ့တောင်မြို့နယ်များမှ လူပေါင်း ၅ သောင်းအတွက်ခွဲတမ်းရရှိခြင်းဖြစ်သည်။
သံတွဲတွင် ငပလီမြို့၊ ဂွတွင် မြို့ပေါ်နှင့် ဂွမြို့နယ် ကျိန္တလီမြို့နှင့် ရသေ့တောင်တွင် မြို့နယ်တွင်းရှိ စစ်ဘေးရှောင်ဦးရေ ၂ သောင်းအတွက်ရရှိထားခြင်းဖြစ်သည်။
ရသေ့တောင်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်ခင်စောဝေက “ရသေ့တောင်မှာရှိတဲ့ စစ်ဘေးရှောင်စခန်းအားလုံးကိုလည်း တိုက်ဖြစ်ပါတယ်။ နောက်ပြီးတော့ စေတီပြင်မှာရှိတဲ့ Camp တွေကိုလည်း တိုက်ဖြစ်ပါတယ်။ ဆေးတိုက်တာက အသက် ၁၆ နှစ်အထက်ဆိုရင် ရေသန့်ဗူးမှာပါတဲ့ အဖုံးခွံအပြည့်ပေါ့နော်။ ၆ နှစ်နဲ့အထက်ကလေးတွေကိုဆိုရင်တော့ အဲဒီအဖုံးရဲ့ထက်ဝက်ကိုတိုက်တာပါ။” ဟု ပြောသည်။
ရသေ့တောင်မြို့တွင် ဆေးရည်များတိုက်ကျွေးရာ၌ ဆေးကိုမယုံကြည်သူများလည်းရှိကြောင်းနှင့် မနက်ဖြန် စက်တင်ဘာလ ၁၄ ရက်တွင် စစ်ဘေးရှောင်စခန်းများအပြင် မြို့တွင်းမှဆေးသောက်လိုသူများကိုလည်း ဆက်လက်တိုက်ကျွေးသွားမည်ဟု ဒေါ်ခင်စောဝေက ပြောသည်။
ဂွမြို့နှင့် ကျိန္တလီမြို့နယ်များအတွက်ဆေးရည်များကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှတဆင့် ပေးပို့လှူဒါန်းထားသည်ဟု သိရသည်။
ငပလီမြို့ ကိုဗစ်ကာကွယ်ထိန်းချုပ်ကုသရေးစင်တာမှ ပို့ဆောင်ရေးတာဝန်ခံ ကိုသက်လွင်ဖြိုးက “ဆေးကတော့ အသက် ၆ နှစ်ကနေ တိုက်နိုင်တယ်လို့ သိရပါတယ်။ ဒါပေမဲ့ ဆေးရည်ကနည်းတဲ့အတွက် ကျနော်တို့ဆီမှာတော့ အသက် ၃ဝ ကစပြီး သက်ကြီးပိုင်းတွေကို ဦးစားပေးအနေနဲ့ တိုက်ပါတယ်” ဟု ပြောသည်။
အဆိုပါဆေးရည်ကို သောက်သုံးခြင်းဖြင့် Covid-19 ရောဂါကူးစက်ခံရပါက ကိုယ်ခံအား ကောင်းမွန်စေခြင်း၊ Covid-19 positive လူနာများ ခုခံအားကောင်းမွန်စွာဖြင့် ရောဂါဝေဒနာများကို ကျော်ဖြတ်နိုင်ခြင်း၊ ရောဂါဖြစ်ပြီး ပြန်လည်အားအင်ပြည့်ရန် နာလံထစလူနာများအတွက်အားပြည့်စေခြင်းနှင့် Covid-19 ကပ်ရောဂါဘေးကြောင့် ကာလကြာနေအိမ်မှ အပြင်မထွက်ကြရသည့် မြေဓာတ်မရရှိသူများအတွက် သင့်တော်သည့် ဆေးရည်တစ်မျိုးဖြစ်ခြင်း၊ သက်ကြီးရွယ်အိုးများအတွက် ဒူးနာ၊ ခါးနာ၊ အဆစ်အမြစ်နာ၊ အရိုးပွ၊ အရိုးကျွတ်ဝေဒနာများကို သက်သာစေခြင်းစသည့် အကျိုးအာနိသင်များကိုရရှိနိုင်ကြောင်း သိရသည်။
ဓာတ်ပုံ - ကိုသက်လွင်ဖြိုး

ဆက်စပ် သတင်းများ